
မအူပင်မြို့ အထက ၁ တွင် ကျောင်းသားများကို ကင်းကြေး ၅၀၀ စီကောက်ခံနေ
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဩဂုတ်လ ၂၃ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ပျက်ကွက်တဲ့ကလေးတွေကို ဒဏ်ငွေရိုက်ပြီး ကင်းကြေးတောင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ကျောင်းမတက်တဲ့ကလေးတွေကို ဒဏ်ငွေတောင်းသလို ကျောင်းပုံမှန်တက်တဲ့ ကလေးတွေကိုလည်း ကင်းကြေး ၅၀၀ ကောက်ခံပြီး ကျောင်းမှာညစောင့်တဲ့သူတွေကို ကင်းကြေးအဖြစ် ပြန်ပေး နေရတာဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
“ ဆရာ ဆရာမတွေက ညဘက်ကင်းစောင့်တဲ့သူတွေအတွက် ကင်းကြေးဆိုပြီး ကလေးတိုင်းကို ၅၀၀ စီကောက်တာ ပြီးတော့ ကျောင်းပျက်တဲ့ ကလေးတွေကို ဒဏ်ရိုက်ပြီး ကင်းကြေးပေးတာမျိုးတွေရှိတယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းသားမိဘတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူတွေကို ကျောင်းအင်္ကျီအဖြူအစိမ်း လက်မောင်းမှာ တပ်ဆင်ရတဲ့ ကျောင်းတံဆိပ်ကို ၈၀၀ နဲ့ မဝယ်မနေရ ရောင်းတာမျိုးတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်ပြီးနောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းတွေမြင့်တက်လာလို့ စားဝတ်နေရေး ကြပ်တည်းနေချိန်မှာ ခုလိုမျိုး ကျောင်းတက်တဲ့ကလေးတွေကို ငွေကောက်ခံတာတွေကို မတက်နိုင်လို့ ကျောင်းထုတ်ရင်လည်း CDM ပြုလုပ်တယ်ဆိုပြီး အဖမ်းခံရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
မအူပင်မြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ ညကင်းစောင့်တဲ့ ရဲသတင်းပေးတွေနဲ့ ကင်းသမား တွေဟာ ညတိုင်း ကျောင်းဝန်းထဲမှာ အရက်သေစာဝိုင်းဖွဲ့ပြီးသောက်စားလေ့ရှိတယ်လို့ ဆိုပါတယ်။
#Ayeyarwaddy_Times