စစ်ကောင်စီက ကုန်စည်တင်ပို့မှု ပိတ်ဆို့ထားလို့ ပလက်ဝမြို့မှာ ပေါ်ဆန်းမွှေးဆန် ၁ အိတ် တစ်သိန်းဝန်းကျင်နှင့် ကြက်ဥတစ်လုံးတစ်ထောင်အထိ ပေးဝယ်နေရ

အေးစီ/ဧရာဝတီတိုင်းမ်

(ပလက်ဝ) ဩဂုတ်လ ၂၃ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ကုန်စည်တင်ပို့မှုအား စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ပေါ်ဆန်းမွှေးဆန် ၁ အိတ် ၁ သိန်းဝန်းကျင်နှင့် ကြက်ဥတစ်လုံးတစ်ထောင်အထိ ပေးဝယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပလက်ဝမြို့သို့တင်ပို့မည့် ကုန်ကားအပါအဝင် ဆန်တင်ကားများကို စစ်ကောင်စီမှ မြို့ အဝင်စစ်ဆေးရေးဂိတ်များတွင် ပိတ်ဆို့တားမြစ်ခြင်း နှင့် လျှော့တင်ခိုင်းခြင်းကြောင့် မြို့ပေါ်သို့ ဆန်တန်ချိန် ရောက်ရှိမှုနည်းပါးနေပြီး ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ် ၉သောင်းမှ ကျပ်တစ်သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း ပလက်ဝမြို့ခံအချို့ထံမှ သိရသည်။

” အဓိက လမ်းပိတ်ဆို့ တားမြစ်မှူကြောင့်ပေါ့။ ဆန်အပါအဝင် ကြက်ဥဆို ၁ လုံး ၁ ထောင်ကျပ် ဖြစ်ပြီ။ အဲလို အခြားကုန်စျေးနှူန်းလည်း တစ်နေ့တစ်နေံ့ အတော်လည်းစျေးတက်တယ်။ ဒါ့အပြင် ကျေးရွာဘက်က တစ်ချို့တွေဆိုရင် ဖမ်းဆီးပစ်ခတ်မှူများကြောင့် မြို့ပေါ် ဆန်ဝယ်ဖို့ ညမှောင်ထဲ ခိုးထွက်ရတယ်” ဟု ပလက်ဝမြို့နယ် ဒေသခံတစ်ဦးက

ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပလက်ဝမြို့နယ်အတွင်း အထူးသဖြင့် ရေကြောင်းဆက်သွယ်ရေးကို အသုံးပြုနေရပြီး မိုးရာသီတွေ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် စစ်အာဏာသိမ်းပြီးနောက် ကုန်စည်တင်ပို့မှု ပိတ်ဆို့တားမြစ်မှု မြို့အဝင်မှ စစ်ဆေးရေး ပိုမိုတင်းကြပ်မှုများကြောင့် ပလက်ဝမြို့နယ် အတွင်း ဆန်အပါအဝင် စက်သုံးဆီမှအစ အခြားစားသုံးကုန်စျေးများ

အဆမတန်မြင့်တက်နေကြောင်း ဒေသခံထံမှ သိရသည်။

#ပလက်ဝ #စစ်ကောင်စီ #ကုန်စည်တင်ပို့မှု #ပိတ်ပင် #ဆန် #ကြက်ဥ

#Ayeyarwaddy_Times