
နေပြည်တော်မှာ မီးကြိုးသူခိုးကိုစစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးရာမှ EPC ဝန်ထမ်း ၁ ဦးသေဆုံးဟုဆို
ဟိန်းစံ/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၃ ရက်
စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ချမ်းမြေ့ရိပ်သာဘုန်းကြီးကျောင်း ရှေ့မှာ သြဂုတ်လ ၂၁ ရက်နေ့ည ၁၀ နာရီဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ EPC ဝန်ထမ်း ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
သေဆုံးသွားသူ EPC ဝန်ထမ်းဟာ လယ်ဝေးမြို့နယ်၊ သာစည်ရွာက အသက် ၂၁ နှစ်အရွယ် ပြည့်စုံအောင် ဆိုသူဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် EPC ဌာနကို အလုပ်ဝင်လာသူဖြစ်တယ်လို့ သိရပါတယ်။
” သေသွားတဲ့ကလေးက EPC ထဲဝင်တာ မကြာသေးဘူး၊ လယ်ဝေး၊သာစည်ရွာက။ အဲ့ဒီညကသူနဲ့နောက် တယောက်က မီးကြိုးဖြတ်ခိုးတာတွေခနတိုင်းဖြစ်နေလို့ သူခိုးဖမ်းဖို့ဆိုပြီးစောင့်နေတာလို့သိရတယ်။ ည ၁၀ နာရီလောက်ပတ်ကင်းနဲ့ကြုံတော့ အရွယ်တွေကလည်း လူငယ်ပိုင်းတွေဆိုတော့ PDF ထင်ပြီးပစ်ဖမ်းတာနေမှာပေါ့။ သေနတ်မှန်ပြီးသေသွားတယ်” လို့
လယ်ဝေးဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အခြားဒေသခံတဦးကတော့ စစ်ကောင်စီတပ်နဲ့EPC ဝန်ထမ်းတွေက မီးကြိုးဖြုတ်ခိုးနေတဲ့သူတွေကို သွား ရောက်ပစ်ခတ်ဖမ်းဆီးရာကနေ စစ်ကောင်စီတပ်သားတဦးရဲ့ပစ်ခတ်တဲ့ကျည်ဆံက အဲ့ဒီEPC ဝန်ထမ်းကိုထိမှန်လို့သေဆုံးခဲ့တာလို့ ပြောပါတယ်။
နေပြည်တော်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သတင်းရင်းမြစ်တွေကလည်း ဖြစ်စဥ်အသေးစိတ်ကိုမသိရှိပေမယ့် ဖြစ်ပွားခဲ့တာမျိုးရှိတယ်လို့ ပြောပါတယ်။
အဲ့ဒီသေဆုံးမှုအပေါ် စစ်ကောင်စီ လျှပ်စစ်ဌာနက သူ့ရဲ့မိဘတွေကို ငွေကျပ် ၁၀ သိန်း နစ်နာကြေးအဖြစ်ပေးခဲ့တယ်လို့ ဒေသခံတွေကပြောဆိုနေပြီး ဖြစ်စဥ်ကိုတော့ ဧရာဝတီတိုင်းမ်အနေနဲ့သီးခြားအတည်မပြုနိုင်ပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်ညနေပိုင်းကလည်း သပြေကုန်းအဝိုင်းမှာ လျှပ်စစ်ဌာနဖယ်ရီကားဘရိတ်ပေါက်ပြီး ဆိုင်ကယ်စီးရဲ ၂ ဦးကိုဝင်တိုက်လို့ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
ဓာတ်ပုံ – သေဆုံးသူEPC ဝန်ထမ်း ပြည့်စုံအောင်။
#AyeyarwaddyTimes