
(တမူး)၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် မြို့ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည့် ပြည်သူများ ပြန်လာကြရန် စစ်ကောင်စီတပ် နှင့် ပျူစောထီးများက ဖိအားပေးနေကြောင်း ဒေသခံများထံက သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များက တမူးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဆိုသည့်သတင်းနှင့် ကျွန်းသာပင်ကျေးရွာ၊ မင်းသာကျေးရွာ တိုက်ပွဲများကြောင့် မြို့ခံပြည်သူများသည် ပြီးခဲ့သည့် ဇန်နဝါရီလ ပထမအပတ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။
တမူးမြို့ခံပြည်သူများအနေဖြင့် ထွက်ပြေးတိမ်းရှောင်ရာမှ နေရပ်ပြန်လာကြရန်၊ လူနေထိုင်ခြင်းမရှိသည့်နေအိမ်များကိုလည်း ဖျက်သိမ်းရန်နှင့် သိမ်းဆည်သွားမည်ဟု စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က ခြိမ်းခြောက်ထားသည်။
“တမူးမြို့မှာတော့ အရပ်သားပြည်သူတွေ မရှိသလောက်ပါပဲ။ နယ်ဘက်တွေမှာ ထွက်ပြေးကုန်တယ်။ မြို့ထဲရှိတဲ့သူတွေက ပျူစောထီးနဲ့ စကစ ဆွေမျိုးတွေ၊ သူတို့ကို ထောက်ခံအားပေးသူတွေပါ။ အခုအရပ်သားပြည်သူတွေပြန်လာဖို့ပြောတယ်။ ပြန်မလာရင် အိမ်တွေကို ပျူစောထီးမိသားစုဝင်တွေကို ပေးမယ်။ ပြီးတော့ ဖျက်သိမ်းမယ်၊ သိမ်းမယ်၊ စတာတွေခြိမ်းခြောက်တယ်”ဟု တမူးမြို့ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က ၎င်းတို့တပ်စွဲနေရာယူထားသည့် နေရာအနီးရှိ လူမနေသည့်နေအိမ်များကို ဖျက်ဆီးနေပြီး ပျူစောထီးအဖွဲ့ကလည်း ရပ်ကွက်ထဲရှိဆေးသမားများနှင့်ပူးပေါင်းကာ လူမနေသည့်အိမ်များတွင် ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းများကို ခိုးယူရောင်းချနေကြောင်း သိရသည်။
“စကစနဲ့ ပျူတွေပေါင်းပြီး ဖျက်ဆီးတဲ့ အိမ် ငါးလုံးလောက်ရှိပြီ။ ဖျက်ဆီးတဲ့အိမ်တွေက သွပ်တွေ၊ ပျဥ်တွေကိုလည်း ကားနဲ့သယ်သွားပြီး ရောင်းနေတာတွေ့တယ်။ ညဘက်ဆိုလည်း ပျူစောထီးတွေက လူမရှိတဲ့အိမ်တွေဆို ပစ္စည်းတွေခိုးတယ်။ သူတို့တင် မဟုတ်ဘူး။ ဆေးသမားတွေပါ အပြိုင်အဆိုင်ခိုးနေကြတယ်။ တခါတလေသူတို့တွေပေါင်းပြီး ခိုးတာတွေလည်းရှိတယ်” ဟု တမူးမြို့ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် တမူးမြို့အနီး တမူး – ကလေး ကားလမ်းမပေါ်ရှိ မင်းသာ၊ ကျွန်းပင်သာ၊ ပန်းသာ စသည့်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွါးနေသည့်အတွက် တမူးမြို့ပြည်သူများအနေဖြင့် နေရပ်ပြန်လာလိုခြင်းမရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီက ရဟတ်ယာဥ်တစ်စီးဖြင့် တမူးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။
#တမူးမြို့ခံပြည်သူများ #ပြန်လာကြရန် #စစ်ကောင်စီ #ဖိအားပေး #Ayeyarwaddy_Times