ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုး လက်နက်ကြီးခံစစ်စခန်းကို အာရက္ခတပ်တော် (AA) က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရ သည်။

စစ်ကောင်စီ၏ လက်နက်ကြီးအထိုင်ချထားသည့် ညောင်ကျိုးစခန်းကို AAနှင့် ပူးပေါင်းတပ်သည် ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းအချိန်မှစပြီး လက်နက်ကြီးများအပြင် အတွဲလိုက် ဒုံးများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

“ညောင်ကျိုးကို စစ်တပ်က အင်အားဖြည့်ထားပေမယ့် အစုလိုက် ထွက်ပြေးနေတာတွေရှိတယ်။ တိုက်ပွဲကပြင်းထန်နေပြီး ညောင်ခြေထောက်ဘက်မှာပါ လှုပ်လှုပ်ခတ်ခတ်ရှိတယ်။ ကပစ စက်ရုံတွေ ကိုလည်း လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သိရတယ်”ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပန်းတောင်းရှိ စစ်ကောင်စီ၏ ခံ စစ်စခန်းဖြစ်သည့် ပုဂံကွဲစခန်းကျပြီးနောက် စစ်ကောင်စီတပ်များ ညောင်ကျိုးကို အင်အားဖြည့်၍ ခံစစ်ဆင်နေခဲ့ရာမှ AA ၏ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ညောင်ကျိုးမှ စစ်တပ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တပ်ဆုတ်ထွက်ပြေးရကြောင်း သိရသည်။

တပ်ဆုတ်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ညောင်ခြေထောက်တွင် သွားရောက် ပူးပေါင်းသည့် အတွက် ညောင်ခြေ ထောက်ခံစစ်စခန်း၌လည်း စစ်ရေးလှုပ်ရှားမှုအချို့ရှိနေကြောင်း သိရသည်။

စစ်ကာင်စီက အသိမ်းခံလိုက်ရသည့် မိုးထိစခန်းကို ပြန်လည်ရယူရန် ထိုးစစ်ဆင်ရာတွင် ပုဂံကွဲ၊ ညောင်ကျိုး၊ ညောင်ခြေထောက်တို့၌ လက်နက်ကြီးများအထိုင်ချကာ ခံစစ်စခန်း ပြင်ဆင်ထားခြင်း ဖြစ်သည်။

မိုးထိတောင်စခန်းကို ပြန်မရဘဲ တပ်လန်ကျပြီးနောက် ခံစစ်ပြင်ဆင်ထားသည့် ပုဂံကွဲ၊ ညောင်ကျိုးနှင့် ညောင်ခြေထောက်ခံစစ်စခန်းများသို့ အစုလိုက် ကစဉ့်ကလျား တပ်ဆုတ်ပြေးကြရပြီး အဆိုပါခံစစ် စခန်းများပါ တိုက်ခိုက်ခံရသည့်အတွက် ကပစစက်ရုံ များရှိရာ ညောင်ခြေထောက်အထိ စစ်ကောင်စီ တပ်များ တပ်ဆုတ်နေရခြင်းဖြစ်သည်။

AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်မှာ စစ်ကောင်စီ ၏ ခံစစ်စခန်းများအပြင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များအထိ ဦးတည်ထိုးစစ်ဆင်နေသည့် အခြေအနေတွင်ရှိနေကြောင်း စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။

#ပဲခူး #ပြည် #ပန်းတောင်း #ညောင်ကျိုး #AAပူးပေါင်းတပ် #စစ်ကောင်စီခံစစ်စခန်း #တိုက်ပွဲ #ပြင်းထန် #Ayeyarwaddy_Times