
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာ အနီးရှိ ကွမ်းသီးတောဘုရားကုန်း နှင့် ကွမ်းသီးခြံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုအရေအတွက်ကို အတိအကျသိရှိရခြင်း မရှိသေးသော်လည်း အဆိုပါဒေသကိုပြန်လည်ရရှိနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ဆုတ်ခွာ ခြင်းမရှိသေးဘဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ယခုအခါ နှစ်ဖက်အသင့် အနေအထားဖြင့် ရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ကအရင်တည်းက ဒီနေရာကို နေထိုင်ထားတဲ့နေရာပေါ့နော် ဒီမိုးကာလမှာ။ ဒီနွေဘက် ရောက်တော့ သူတို့ အင်အားကောင်းကောင်း နဲ့ ရောက်လာတယ်။ သူတို့တပ်စွဲနေထိုင်တဲ့ အခြေစိုက် စခန်းတွေကို ကျွန်တော်တို့ဒရုန်းတပ်ဖွဲ့ တွေရော မြေပြင်တပ်ရင်းတွေရောပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဒေသအခေါ် ကွမ်းသီးတော ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များမှာ စကခ-၁၉၊ ခမရ-၅၈၆ တပ်ရင်း၊ ခလရ-၁၀၆ တပ်ရင်းတို့မှ တပ်ဖွဲ့ဝင်အင်အား ၇၀ ဝန်းကျင်ဖြင့် လက်နက်ကြီးစခန်းကုန်းနှင့် စခန်းငယ်များကို စခန်းချတပ်စွဲထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ကွမ်းသီးတောရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အနီးနားရှိ ကျေးရွာများမှ ဒေသခံများ၏ ကား၊ ဆိုင်ကယ်၊ ရိက္ခာစသည့် ပစ္စည်းများကို သိမ်းဆည်းမှုများ၊ ငွေညှစ်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ရေးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းကို ရေးဘီလူးနှင့် Saw Dragon Force အဖွဲ့တို့ပူးပေါင်းကာဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – ရေးဘီလူး
#ရေး #စစ်ကောင်စီစခန်း #တိုက်ပွဲဖြစ်ပွား #ရေးဘီလူး #Ayeyarwaddy_Times