
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ပေါက်တောမြို့နှင့် ကျေးရွာများသို့ စစ်ကောင်စီက Y 12 လေယာဉ်ဖြင့် ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီသည် ပေါက်တောမြို့နှင့် ငပြီကျွန်းကျေးရွာ၊ ဆင်တပ်မော်ဘောဒလီ၊ တောင်ချောင်း၊ မညင်းကိုင်းကျေးရွာတို့ကို ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်မှစ၍ ဗုံးအလုံးရေ ၃၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“နေ့လယ် ၁ နာရီကျော်ကနေ တောက်လျှောက်ကြဲသွားတာ။ လက်ရှိတော့ ၁၁ ဦးဒဏ်ရာရတယ်လို့ သိထားတယ်။ သေတဲ့သူတွေလည်းရှိမယ်။ အတိအကျကိုတော့ မေးကြမြန်းကြတုန်းရှိသေးတယ်”ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက နေ့လည် ၁ နာရီ ၃၉ မိနစ်အချိန်မှစ၍ ၁ နာရီ ၅၇ မိနစ်ခန့်ထိ ဗုံးအလုံးရေ ၃၀ ကို Y 12 လေယာဉ်ဖြင့်ပင် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်ရှိ ငပြီကျွန်းရွာသို့ ဗုံး ခြောက် လုံး၊ ဆင်တပ်မော်ဘောဒလီရွာသို့ ဗုံး ခြောက် လုံး၊ တောင်ချောင်းသို့ဗုံး ခြောက် လုံး၊ ဆင်တပ်မော်တောတန်းကျေးရွာသို့ ဗုံး ခြောက် လုံး၊ မညင်းကိုင်း ကျေးရွာသို့ ဗုံး နှစ် လုံး၊ ဆင်တပ်မော်မူဆလင်ရွာသို့ ဗုံး သုံး လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ပေါက်တောမြို့ရှိ ငပြီကျွန်းကျေးရွာနှင့် သဲခုံရွာတို့သို့ ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်တွေရှိ စစ်ကောင်စီစခန်းများကို AA တပ်ဖွဲ့များက လက်နက်ကြီးများ ဟောင်ဝစ်ဇာများဖြင့် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီသည် စစ်တွေ မြို့အနီးရှိ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဗုံးကြဲချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)
#ရခိုင် #ပေါက်တော #ကျေးရွာများ #စစ်ကောင်စီ #လေကြောင်း #ဗုံး၃၀ကျော် #ကြဲချတိုက်ခိုက် #Ayeyarwaddy_Times