ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ရက်

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေရှိ စစ်ကောင်စီစခန်းများတိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရရှိသည့် စစ်ကောင်စီ အရာရှိနှင့် တပ်ဖွဲ့ဝင်များကို စစ်တွေဆေးရုံသို့ အရေးပေါ်ကုသရန်ပို့ဆောင်ထားရကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ရက်နေ့ကစတင်၍ စစ်တွေ မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများရှိရာ အမြင့်ကျွန်း၊ ပါဒလိတ်နှင့် စစ်တွေရေတပ် ဌာနချုပ်တို့ကို ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

“တပ်ဆေးရုံရော၊ စစ်တွေဆေးရုံရော စစ်တပ်ကလူနာတွေပို့ရတယ်။ အဲဒီ့ထဲက ဆယ်ယောက်ကျော်ကို အရေးပေါ် ခွဲစိတ် ခန်းပို့ရတယ် သိထားပါတယ်။ ဆေးရုံအပို့ခံရတဲ့အထဲက သုံးယောက်ထပ်သေတယ်ကြားတယ်။ စစ်တပ်ဘက်က သေတဲ့သူတွေလည်းများတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိပြီး တပ်ဆေးရုံနှင့် စစ်တွေ ဆေးရုံများသို့ ဒဏ်ရာရရှိသူများကိုပို့ဆောင်ကုသနေရကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ဦး စစ်တွေ ဆေးရုံသို့ရောက်ရှိလာပြီး ၁၁ဦးမှာ လက်နက် ကြီးအစများ စိုက်ဝင်နေသည့်အတွက် ခွဲစိတ်ကုသရန်လိုအပ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်‌တပ်ထောက်ခံသူများမှ စစ်တွေမြို့အတွင်းရှိသူများ သွေးလှူပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကယ်တင်ပေးရန် လူမှုကွန်ရက်တွင် တိုက်တွန်းရေးသားထားသည်ကို တွေ့ရသည်။

စစ်ကောင်စီက စစ်စခန်းများတိုက်ခိုက်ခံရပြီးနောက် ပေါင်တောမြို့၊ ငပြီကျွန်းကျေးရွာနှင့် သဲခုံကျေးရွာများသို့ ဖေဖော်ဝါရီ ၁၇ရက်နေ့က ပေါင် ၅၀၀ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်‌ကောင်စီသည် ယနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့ နေ့လယ် ၁နာရီ ၃၉မိနစ်ခန့်ကလည်း ပေါက်တောမြို့ပေါ်နှင့် ကျေးရွာများကို ဗုံးအလုံးရေ ၃၀ခန့်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#စစ်တွေ #ဆေးရုံ #စစ်ကောင်စီ #ဒဏ်ရာရတပ်ဖွဲ့ဝင်များ #ပို့ဆောင် #ကုသ #Ayeyarwaddy_Times