နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNA ပအိုဝ်းပြည်သူ့စစ် အဖွဲ့တို့က စစ်မှုထမ်းရန်အတွက် အမျိုးသမီးစာရင်းများကိုပါ ကောက်ယူနေပြီး ညောင်ရွှေမြို့တွင်လည်း သတ်မှတ်အရေအတွက်အလိုက် တပ်သားသစ်များကို ကျေးရွာတိုင်းတွင် လစဉ် စုဆောင်းခံနေရ ကြောင်း ဒေသတွင်းအဖွဲ့နှင့် ဒေသခံများထံက သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ရှုံးလာသည့် စစ်ကောင်စီသည် လျော့နည်းပြုန်းတီးလာသော ၎င်းတို့ တပ်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေတို့အား အသက်သွင်းထုတ်ပြန် တပ်သားသစ် စုဆောင်းနေပြီး ဒေသတချို့တွင်လည်း အမျိုးသမီးစာရင်း ကောက်ယူနေကြောင်း သိရသည်။

“စစ်မှုထမ်းကတော့ စာရင်းကောက်တာ ဆက်တိုက်ပြုလုပ်နေတယ်။ တောင်ကြီးမြို့ပေါ်မှာ မိန်ခလေး စာရင်းတွေကို ရပ်ကွက်တော်တော်များများမှာ ကောက်နေတယ်” ဟု ဒေသတွင်း လူမှုကူညီရေး လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် တောင်ကြီးမြို့ပေါ်ရှိ အသက် ၁၈ နှစ်ပြည့် လူငယ်များကို စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီး၍ ကလောဘက်သို့ ခေါ်ဆောင်သွားသလို ၎င်းလက်အောက်ခံ PNA ပြည်သူ့စစ် အဖွဲ့ကလည်း စစ်မှုထမ်းရန် ဟိုပုံးတွင် လူငယ်များအား စစ်သင်တန်းပေးနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ညောင်ရွှေမြို့တွင်လည်း လူငယ်များကို စစ်မှုထမ်းရန်အတွက် စစ်ကောင်စီနှင့် PNA ပြည်သူ့စစ်အဖွဲ့တို့က သတ် မှတ်အရေအတွက်အလိုက် တပ်သားသစ်များ စုဆောင်းနေသဖြင့် ရွာတိုင်းက လစဉ်ပေးနေရပြီး မဲပေါက်သည့် လူငယ်များမှာ ငွေပေး၍ လူစားထိုးနေရသလို စုဆောင်းခံရ သူများကိုလည်း ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သိရသည်။

“PNA မှာ စစ်မှုထမ်းရင် စကစတပ်ထဲ ဝင်စရာမလိုဘူး၊ ရှေ့တန်းမသွားရဘူးဆိုတဲ့ အပြောတွေလဲ ရှိနေပေမဲ့ တဖက်က ညောင်ရွှေတိုက်ပွဲတွေဘက်မှာ စစ်သင်တန်း ရက်အနည်းသာတတ်ရတဲ့ လူငယ် တွေကို ရှေ့တန်းပို့ အသုံးပြုနေတာတွေ ရှိနေတယ်” ဟု ညောင်ရွှေမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ စစ်မှုထမ်းရန် စာရင်းကောက်၊ စုဆောင်းမှုအပြင် PNA က အခွန်ကောက်ခြင်း၊ ကားများအား သယ်ယူပို့ဆောင်ရေးအတွက် ပေါ်တာဆွဲခြင်း၊ ၎င်းတို့ကို ထမင်းဟင်းများ ပို့ပေးရခြင်းနှင့် အသက် ၁၈-၃၅ နှစ်လူငယ်ရှိ အိမ်များကို စစ်မှုထမ်းအတွက် နှစ်စဥ်ငွေပမာဏတစ်ခု ကောက်ယူပေးရကြောင်း သိရသည်။

အဆိုပါ စစ်မှုထမ်းအတွက် ငွေကောက်ယူမှုသည် မြို့နှင့်ရွာ မတူညီဘဲ စာရင်းအရ စစ်မှုထမ်း အကျုံးဝင်သည့် လူငယ်ရှိလျှင် အမှတ်စဥ် တစ်ခုချင်းစီ၌ အိမ်ထောင်စုတစ်စုကို ငွေကျပ် သုံးသောင်းမှ ငါးသောင်းအထိ ပေးရကာ ရပ်ကွက်အလိုက် ကွာခြားနိုင်၍ နောက်ပိုင်းတွင် တစ်နှစ်ကို တစ်သိန်းထည့်ဝင်ရမည်ဟု ဆိုကြောင်း သိရသည်။

“ရွာမှာ ကွာခြားတာက အမျိုးသားရှိရင် ထည့်ရတဲ့ပိုက်ဆံက ပမာဏတမျိုး၊ အမျိုးသမီးတွေချည်းဆို ပိုထည့်ရတာတွေ ရှိနေတယ်။ အဓိကက စစ်မှုထမ်း လူငယ်တွေကိုပေးမယ်ဆိုပေမယ့် တကယ် စစ်မှုထမ်းသွားရတဲ့ လူငယ်တွေကအနည်းကျဥ်းပဲ ရတာတွေရှိတယ်”ဟု ညောင်ရွှေမြို့နေ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းထက်ပိုဆိုးသည်မှာ နယ်ထိန်းရဲနှင့် ရပ်ကွက်ထဲရှိ နယ်မြေမှူးများက ညနေဘက် ကင်းလှည့်၍ လူငယ်များကို တွေ့ရှိလျှင် ဖမ်းဆီးကာ ငွေကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ တောင်းယူပြန်လွတ်သလို ငွေမပေးနိုင်ပါက စစ်မှုထမ်းရန် ခေါ်ဆောင်သွားခြင်းရှိပြိး မြို့အတွင်း ဆိုင်ကယ်အသွားအလာ စစ်ဆေးမှု များ အလွန်တင်းကျပ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ရှမ်းတောင်အပါအဝင် နိုင်ငံတစ်ဝန်းရှိ တိုင်းစစ်ဌာနချုပ်များ၌ စစ်မှုထမ်း အမှတ်စဥ် (၁၀)အထိ သင်တန်းဖွင့်လှစ်ထားပြီး ယင်းဥပဒေ စတင်ချိန်က လူငယ်များကို ရှေ့တန်းသို့ ပို့ဆောင်ခြင်းမပြုဟု ပြောဆိုခဲ့သော်လည်း လက်တွေ့၌မူ ဆန့်ကျင်ဘက်ဖြစ်နေသလို ခံစားခွင့်များ ကိုလည်း ပေးအပ်ခြင်းမရှိကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ- စစ်မှုထမ်း အပတ်စဥ်(၁၀) သင်တန်းဖွင့်လှစ်မှု

#တောင်ကြီးမြို့ #စစ်ကောင်စီ #PNAပြည်သူ့စစ်အဖွဲ့ #အမျိုးသမီးစစ်မှုထမ်းစာရင်းများ #ကောက်ယူ #ညောင်ရွှေ #လစဉ်တပ်သားသစ် #စုဆောင်းနေ #Ayeyarwaddy_Times