
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ၁၀ နှစ်အောက် ကလေး သုံးဦးအပါအဝင် မိသားစုဝင် ခုနစ် ဦးလုံးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။
ဒေါ့ဖုန်းယာန်မြို့ရှိ ဝက်ယင်းရွာနှင့် နမ့်အီကျေးရွာကို ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။
“လူအိပ်ချိန်အစောပိုင်းကြီးကို လာကြဲသွားတာ။ KIA ဘက်က တပ်စွဲထားတာလည်းမရှိဘူး။ တိုက်ပွဲလည်း ဖြစ်မနေဘူး။ ပြည်သူတွေပဲရှိတဲ့နေရာကို ကြဲသွားတာ။ မိသားစုတစ်ခုလုံး တစ်ယောက်မှ မကျန်ခဲ့ဘူး အကုန်သေသွားတယ်”ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဝက်ယင်းကျေးရွာရှိ ဦးမောင်ဦး (၅၃) နှစ်၊ ဒေါ်အိုက်ဆော (၅၆) နှစ်၊ ကိုဆိုင်းလျန်း (၂၅) နှစ်၊ မချယ်ရီထွေး (၂၂) နှစ်၊ ယွန်းမီမီဆာ (၁၀) နှစ်၊ မောင်အောင်လင်းထက် (၉) နှစ်၊ မကာလိယ (၃) နှစ် မိသားစုဝင် ခုနစ် ဦးလုံး ဗုံးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေါ့ဖုန်းယာန်မြို့နယ်ထဲသို့ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်မြို့နယ်၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီစခန်းများ သိမ်းယူခံရကာ သေဆုံးထိခိုက်မှုများကြောင်း သိရသည်။
စစ်ကောင်စီက ဗန်းမော်မြို့နယ်အတွင်းကို လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် ဒရုန်းဗုံးများ ပါသုံး၍ အပြင်းအထန်ခုခံနေရကြောင်း သိရသည်။
ဗန်းမော်မြို့နယ်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- အင်တာနက်
ပုံစာ- ဒေါ့ဖုန်းယမ်မြို့ဗုံးကြဲခံရပြီးနောက်တွေ့ရစဥ်
#ကချင် #မိုးမောက် #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #အရပ်သား #မိသားစု #၇ဦး #သေဆုံး #Ayeyarwaddy_Times