(ကလေး)၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစ၍ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ ကလေးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေကြောင်း ဒေသခံများထံက သိရှိရသည်။

ကလေး-ဂန်ဂေါ့ ကားလမ်းမပေါ်တွင်ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်သည့်အတွက် ၆၆ ကေဗွီလျှပ်စစ်ဓာတ်အားလိုင်း ပျက်စီးသွားသည့်အတွက် မီးပျက်နေခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်ကတည်းက လျှပ်စစ်မီးမရတာ တစ်ပတ်လောက်တော့ရှိပြီ။ ကလေးတောင်ပိုင်းမှာ ဗုံးကြဲလို့ တာဝါတိုင်တွေ၊ မီးကြိုးတွေ ပျက်စီးတာဖြစ်မယ်။ အဲ့ဒါကြောင့် မီးမလာတော့ဘဲ ပြတ်နေတာ” ဟု ကလေးမြို့၊ တာဟန်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေး – ဂန့်ဂေါ ကားလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့်အတွက် စစ်ကောင်စီတပ်က ကလေးမြို့ အမြောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အပြင် လေကြောင်းမှလည်း တိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။

“ဘယ်အနားမှာ ဘယ်ဟာပျက်တာလဲဆိုတာ မသိရသေးဘူး။ သိရင်တောင်မှ ပြင်ဆင်ဖို့ကြာအုံးမယ်။ မီးက ချက်ချက်မရနိုင်သေးဘူး။ ပြီးတော့ တိုက်ပွဲကဖြစ်နေသေးတယ်။ လက်နက်ကြီးကျည်တွေ၊ လေကြောင်း ဗုံးကြဲတာတွေရှိနေသေးတယ်။ ဒီလိုအခြေအနေမျိုးမှာ မပြင်နိုင်သေးဘူးလေ။ အဲ့ဒီတော့ မီးရဖို့တော့ ကြာအုံးမယ်။”ဟု ကလေးမြို့ လျှပ်စီးရုံးနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၆၆ ကေဗွီလျှပ်စစ်ဓာတ်အားလိုင်းသည် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစ၍ ပြတ်တောက်သွားပြီး လျှပ်စစ်မီးပြန်လည်ရရှိရန်မသေချာကြောင်း ကလေးမြို့ လျှပ်စစ်ရုံးတာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

ကလေးမြို့တွင် ဖေဖော်ဝါရီလမှစ၍ လျှပ်စီးမီးကို ည ၈ နာရီမှ မနက် ၅ နာရီအချိန်တွင်းသာ ရရှိပြီး အလားတူ ကလေးမြို့နယ်နှင့်တစ်ဆက်တည်းတွင်ရှိနေသည့် ကလေးဝမြို့တွင်လည်း လျှပ်စစ်မီးပြတ်တောက်နေသည်မှာ တစ်ပတ်နီးပါးရှိနေပြီဖြစ်သည်။

ပုံစာ – ကလေးမြို့တစ်နေရာကို တွေ့ရစဥ်။(ပုံအဟောင်း)
#တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် #ကလေးမြို့ #လျှပ်စစ်မီးပြတ်တောက်နေ #ကလေးဝ
#Ayeyarwaddy_Times