ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ ၏ ပုဂံကွဲလက်နက်ကြီးခံစစ်စခန်းကို အာရက္ခ တပ်တော် (AA) က သိမ်းယူပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ၍ ကစဉ့်ကလျားထွက် ပြေးနေရကြောင်း သိရသည်။

AA နှင့်ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပုဂံကွဲ ခံစစ်စခန်းကို သိမ်းယူပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးကာ ကျန်ရှိနေသည့် အင်အား ၁၀၀ ခန့်မှာ ရခိုင်ရိုးမနှင့် ပန်းတောင်းမြို့နယ်အတွင်း ကစဉ့်ကလျား ထွက်ပြေးနေကြရကြောင်း သိရသည်။

“စစ်တပ်ကလူတွေ တချို့က ညောင်ကျိုးဘက်ကိုပြေး တယ်။ တချို့က ကျောက်ဖူးချောင်းအတိုင်း ထွက်ပြေးကုန်တယ်။ လက်နက်တွေလည်း လမ်းမှာလွှင့်ပစ်ခဲ့တယ်။ ပုဂံကွဲပြီးတော့ ညောင်ကျိုးကို တိုက်နေတယ်။ ညောင်ကျိုးပြီးရင် ကပစ ၆ ကိုရောက်ပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ မိုးထိတောင်စခန်း ကျသွားပြီးနောက် ပြန်လည်သိမ်းယူရန် စစ်ကောင်စီက ညောင်ကျိုး၊ ညောင်ခြေထောက်နှင့် ပုဂံကွဲတို့တွင် လက်နက်ကြီး များအထိုင်ချ၍ ခံစစ်စခန်းများပြုလုပ်ပြီး ခုခံစစ်ပြင် ထားခြင်းဖြစ်သည်။

သို့သော်လည်း မိုးထိတောင်စခန်းကို ပြန်လည်ရရှိခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်လန်ပြီး ပုဂံကွဲနှင့် ညောင်ကျိုးတွင် ပြန်လည်စုဖွဲ့ ခံစစ်ဆင်နေရာမှ ပုဂံကွဲခံစစ်စခန်းအသိမ်းခံရပြီး စစ်ကောင်စီ တပ်သားများ ကစဉ့် ကလျားထွက်ပြေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ပုဂံကွဲစခန်းကျပြီးနောက် ကပစစက်ရုံများအတွက် စစ်ကောင်စီက စိုးရိမ်ပူပန်နေရကာ ညောင်ကျိုးနှင့် ညောင်ခြေထောက်ကို ဥသျှစ်ပင်မှ အင်အားများ ဖောကားများဖြင့်တင်၍ ခုခံစစ်ပြင်ဆင်နေပြီး ညောင်ကျိုးရှိ ဘုရားကုန်းနှင့် စာသင်ကျောင်းများအပါအဝင် အထပ်မြင့်အိမ်များတွင် ဝင်ရောက် တပ်စွဲကာ ခံစစ်စခန်းများ ပြုလုပ်ထားကြောင်း သိရသည်။

ထို့ပြင် အမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) အနီးရှိ ညောင်ခြေထောက်တွင် ဘန်ကာများ အသစ်ထပ်မံဆောက်လုပ်ကာ ဆက်သွယ်ရေးမြောင်းများပါ တူးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် AA က ရခိုင်အစပ် ပြည်မအတွင်းရှိ ငဖဲမြို့နယ်မှ အထက်တုံးကြီး၊ အောက်တုံးကြီး၊ မထုံးဂိတ်စခန်းတို့ကိုပါ သိမ်းယူပြီး နတ်ရေကန်ဗျူဟာအထိ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ဓာတ်ပုံ-AA
#ပဲခူး #ပြည်ပန်းတောင်း #ပုဂံကွဲ #အသိမ်းခံရ #စစ်ကောင်စီ #တပ်သားရာချီ #ကစဉ့်ကလျားထွက်ပြေး #Ayeyarwaddy_Times