ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ အလိုတော်ပြည့်ဘုရားအနီးတွင် အချုပ်ကားကို လုံခြုံရေးယူလာ သည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်သုံးဦးပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တရားရုံးထုတ်လာသည့် အချုပ်ကားကို လုံခြုံရေးယူရန်အတွက် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး ဆိုင်ကယ်ဖြင့်လာစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်စီးကားနဲ့ လာပြီးပစ်သွားတာ။ နှစ်ယောက်သေတယ်။ တစ်ယောက်က ထွက်ပြေးလို့ လွတ်သွားတယ် ပြောတယ်။ ပစ်သွားတဲ့ကားကို စစ်တပ်က ပိုက်စိပ် တိုက်လိုက်ရှာနေတယ်”ဟု ညောင်ဦးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသူ ရဲတပ်ကြပ်ခင်မောင်မြင့်နှင့် ရဲတပ်သားရီဝေဦးတို့က ဆိုင်ကယ်တစ်စီး စီးနင်းလာပြီး လွတ်မြောက်သွားသူ ဒုရဲအုပ်ဝါဝါထွန်းက ဆိုင်ကယ်တစ်စီးဖြင့် လာရောက်စဉ် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့ အမှတ် (၇) ရပ်ကွက် ဝက်ကြီးအင်း အလိုတော်ပြည့်ဘုရားအနီးအရောက်တွင် ကားတစ်စီးပေါ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်ခံရခြင်းကြောင့် ရဲနှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ ယူဆောင်ခံရသည့်အချိန်တွင် မြို့နယ်ရဲမှူးသက်နိုင်ဦးမှာ KTV များကိုဝင်ရောက်စစ်ဆေး၍ အခန်းယူသီချင်းဆိုနေသည့်အတွက် အဆိုပါဖြစ်စဉ်အား မသိရှိသည့်အပေါ် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ရက်ပိုင်းက ကမ္ကာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ညောင်ဦးမြို့နယ်အတွင်းရှိ ဂျိုးကန်ရွာကို စစ်ကောင်စီက ပထမဦးဆုံးအကြိမ် လေ ကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

#မန္တလေး #ညောင်ဦး #အချုပ်ကား #လုံခြုံရေး #ရဲတပ်ကြပ် #ပစ်ခတ်ခံရ #သေဆုံး #Ayeyarwaddy_Times