
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းရှိ မီးတိုက်ကျေးရွာအနီးသို့ Arakan Rohingya Salvation Army – ARSA အဖွဲ့များဝင်ရောက်လာသည့် အတွက် အာရက္ခတပ်တော် (AA) နှင့်တိုက်ပွဲဖြစ်ပွားနေ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က စတင်ပြီး မောင်တောရှိ မီးတိုက်ကျေးရွာအနီးသို့ ARSA အဖွဲ့များ ဝင်ရောက်လာသည့် အတွက် AA က တိုက်ခိုက်ရာ ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မောင်တောမြို့နယ်ထဲ ARSA အဖွဲ့တွေ ဝင်လာရာကနေ AA နဲ့ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်။ တိုက်ပွဲက မောင်တောမြို့အစွန်မှာဖြစ်နေတာ”ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA ဘက်မှ စစ်ကူကားသုံးစီးနှင့် လက်နက်ကြီးပစ်ကူများပါ သုံးခဲ့ပြီး ARSA အဖွဲ့များမှလည်း မောင်တောနယ်စပ် တစ်လျှောက် ပြန့်ကြဲဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
AAသည် မောင်တော မြို့သူကြီး နခခ ၅ ကို နောက်ဆုံးတိုက်ခိုက်၍ မောင်တောမြို့ကို သိမ်းယူပြီး နောက် ယခုဇန်နဝါရီ နှင့် ဖေဖော်ဝါရီလအတွင်း မောင်တောဒေသခံများကို ပြန်လည် ဝင်ရောက် နေထိုင်စေခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မောင်တောမြို့အတွင်းမှ စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းအလုံးရေ ၁၀၀၀ ကျော်ကိုလည်း ရှင်းလင်းခဲ့ပြီး နယ်မြေရှင်းလင်းမှုများ ဆက် တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
AA သိမ်းပိုက်ထားသည့် မောင်တောနယ်စပ်တွင် စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ အကြမ်းဖက် အဖွဲ့ အစည်းများဖြစ်သည့် ARSA နှင့် ARA အဖွဲ့များသည် ဒုက္ခသည်စခန်းများမှ မူဆလင်လူငယ်များကို စစ်သင်တန်းများပေးပြီး လှုပ်ရှားခိုင်းနေကြောင်း သိရသည်။
ဓာတ်ပုံ-Arsa
#ရခိုင် #မောင်တော #AA #ARSA #တိုက်ပွဲ #Ayeyarwaddy_Times