
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်
လုပ်ငန်းအာမခံကျပ် သိန်းတစ်ထောင်(၁၀၀၀)အပါအဝင် ယင်းတန်ဖိုးဖြင့်ညီမျှသောနိုင်ငံခြားငွေရှိရုံဖြင့် ပြည်တွင်းနှင့်ပြည်ပကုမ္ပဏီများ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတည်ထောင်နိုင်သည့် “ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှု ဆိုင်ရာဥပဒေ” ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်မှတ်ရေးထိုး၍ ပြဋ္ဌာန်းခဲ့သည်။
အဆိုပါဥပဒေအရ လုံခြုံရေးဝန်ဆောင်မှု တည်ထောင်မည့်ကုမ္ပဏီများ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် အညီ မှတ်ပုံတင်ထားရမည်ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီသည် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ပါက မူရင်းကုမ္ပဏီရုံးချုပ် နိုင်ငံဖော်ပြ ရမည်ဖြစ်ကြောင်းပါဝင်သည်။
ဗဟိုကော်မတီခွင့်ပြုချက်ဖြင့် လက်နက်ဥပဒေ၊ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ၊ တည်ဆဲဥပဒေ များနှင့် နည်းပညာဆိုင်ရာလုံခြုံရေးအထောက်အကူပြု ပစ္စည်းများဝယ်ယူခြင်း၊ ရောင်းချခြင်းနှင့် လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်းတို့အတွက် ခွင့်ပြုချက်လိုအပ်မည်ဖြစ်ကြောင်းပါဝင်သည်။
ပုဂ္ဂလိကလုံခြုံရေလိုင်စင်ရထားသူသည် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်လျှောက်ထားလာပါက အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို တင်ပြကိုင်ဆောင်နိုင်မည်ဖြစ်ကြောင်းပြဋ္ဌာန်း ထားသည်။
ထို့ပြင်လုပ်ငန်းလိုအပ်ချက်အရ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုပေးသူများကို လက်နက်ကိုင်ဆောင် စေပြီး ခုခံကာကွယ်ခွင့်၊ ပြစ်မှုကျုးလွန်သူကို ဖမ်းဆီးခွင့်များပေးထားကြောင်းသိရသည်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ဆောင်ရွက်နေသည့် နေရာ၊အဆောက်အအုံ (သို့မဟုတ်) ပရဝဏ် အတွင်းပြစ်မှူကျူးလွန်သူများကို ဖမ်းဆီးရန်လိုအပ်ပါက ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက် ပြီး နီးစပ်ရာရဲစခန်းကိုချက်ချင်း အကြောင်းကြားရမည်ဖြစ်သည်။
ထို့ပြင်ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းသည် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် စေသည့်သတင်းကြားပါက ရဲစခန်းသို့ သတင်းပေးရမည်ဖြစ်ကြောင်းပါဝင်သည်။
ထို့ပြင်လိုင်စင်ရရှိသူနိုင်ငံခြားကုမ္ပဏီဖြစ်လျှင် ပုဂ္ဂလိကဝန်ထမ်းများခန့်ထားရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ ပြစ်မှုကင်းရှင်း၍ ပြည်ပနိုင်ငံတစ်ခုခု၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်မဟုတ်သူဖြစ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားအနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်ထားရမည်ဟု ပါဝင်သည်။
လက်ရှိတွင် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုပေးနေသောကုမ္ပဏီများတွင် မြန်မာနှင့် နိုင်ငံခြားပိုင် ကုမ္ပဏီ ၁၅၀ နီးပါးရှိကြောင်း မြန်မာစီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ထုတ်ဝေထားသည့် ၂၀၂၂ ခုနှစ်တွင်အစီရင်ခံစာတွင်ဖော်ပြထားသည်။
ပြည်တွင်းရှိသော ပုဂ္ဂလိကကုမ္ပဏီများတွင် စစ်မှုထမ်းဟောင်းများ ရဲဝန်ထမ်းဟောင်းများကိုသာ အများဆုံးခန့်ထားပြီး ထိုသို့ ခန့်အပ်ထားခြင်းသည် လူမှုအသိုက်အဝန်းအပေါ်ခြိမ်းခြောက်မှုရှိကာ လူ့အခွင့်အရေးချိုးဖောက်မှုအန္တရာယ်ကြုံတွေ့ရနိုင်ကြောင်းသိရသည်။
ဓာတ်ပုံ – Moe Yan Security Service
#ကျပ်သိန်း၁၀၀၀ #ပုဂ္ဂလိကလုံခြုံရေးဥပဒေ #စစ်ကောင်စီပြဌာန်း #ခွင့်ပြချက်ဖြင့်လက်နက်ကိုင်နိုင် #Ayeyarwaddy_Times