
AAC က ကူညီထားသည့် အလုပ်သမားများ နေထိုင်ခွင့်သက်တမ်းကျော်ခြင်းနှင့် ဧည့်စာရင်းကိစ္စရပ်များ အကြောင်းပြ၍ ဘတ်ငွေ လေးသိန်း ကျော်ဒဏ်ကြေးပေးဆောင်ရန်ချမှတ်
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေသည့် AAC ရုံးကို ထိုင်းအာဏာပိုင်အဖွဲ့စုံမှ ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဝင်ရောက်စစ်ဆေးကာ ရုံးပိတ် သိမ်းမှု ပြုလုပ်ခိုင်းခဲ့ကြောင်း သိရသည်။
ပိတ်သိမ်းခံရသည့် မဟာချိုင်ရှိ AAC ရုံးတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် ရွှေ့ပြောင်းအလုပ်သမား ၁၀၀ နီးပါးကိုလည်း လက်ခံကူညီထားပြီး ၎င်းတို့ကိုလည်း ထိုင်းအာဏာပိုင်များက နေထိုင်ခွင့် အထောက်အထားချိုးဖောက်မှုများဖြင့် အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
AAC အဖွဲ့သည့် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် အဖွဲ့ဖြစ်သည့်အတွက် ထိုင်းအာဏာပိုင်များက ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း သိရပြီး အဖွဲ့မပိတ်သိမ်းရေးအတွက် လက်ရှိတွင် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
“ဂေဟာက အခုမှမဟုတ်ဘူး ဒီလိုဝင်ဖမ်းဆီးတာမျိုးက။ ထိုင်းအာဏာပိုင်တွေက ဝင်ပြီးတော့ စစ်ဆေး တာမျိုး မကြာမကြာလုပ်တယ်။ အခုကတော့ အပြီးပိတ်ခိုင်းတယ်။ ဂေဟာကိုလည်း အလုပ်သမား တွေနဲ့ပတ်သက်ပြီး ဒဏ်ရိုက်တာမျိုးတွေရှိတယ်။ လောလောဆယ်တော့ညှိုနှိုင်းနေဆဲပဲ” ဟု အေအေစီ ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးပြီးနောက် AAC ရုံးအတွင်း ကူညီစောင့်ရှောက် ပေးထားသည့် အလုပ်သမားများကို နေထိုင်ခွင့်သက်တမ်းကျော်ခြင်း စသည့် ဧည့်စာရင်းကိစ္စရပ်များ အကြောင်းပြကာ ဘတ်ငွေ လေးသိန်း ကျော် မြန်မာငွေ ကျပ် သိန်း ၅၀၀ ဝန်းကျင် ဒဏ်ငွေပေးဆောင်ရန် ချမှတ်ခဲ့ကြောင်း သိသည်။
လက်ရှိ ပိတ်သိမ်းခိုင်းခြင်းခံရသည့် AAC ဂေဟာမှာ ၂၀၁၅ ခုနှစ်မှ စတင်ကာ ရွှေ့ပြောင်း မြန်မာအလုပ်သမားရေးများကို ကူညီပေးရန်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အလုပ်ရှင်မှမောင်းထုတ်ခြင်း ခံရသည့် အလုပ်သမားများ၊ လုပ်ငန်းရှင်မှ တာဝန်ခံမှု တာဝန်ယူမှုမရှိဘဲ လုပ်ငန်းခွင်အတွင်း ကိုယ်လက် အင်္ဂါပြတ်တောက်ခဲ့ရသည့် အလုပ်သမားများ၊ MOU ဖြင့် ထိုင်းသို့ရောက်ရှိလာကာ အလုပ်မရဘဲ လိမ်လည်ခံရသူများကို ကူညီပေးမှုများပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့သို့ အလုပ်သမားရေးဆိုင်ရာကိစ္စရပ်များအပြင် မိဘမဲ့ကလေးများ၊ ဖခင်စွန့်ပစ်သွားသည့်အတွက် ကလေးမွေးရန်အခက် အခဲရှိသည့် ကိုယ်ဝန်သည် အလုပ်သမားအမျိုးသမီးများကိုပါ ကလေးမီးဖွား နိုင်ရန်အထိ AAC မှ ကူညီစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
“ထိုင်းမှာ မြန်မာနိုင်ငံသား အလုပ်သမားရေးလုပ်တာကို ထိုင်းအစိုးရက ခွင့်ပြုမထားဘူး။ ဒီဂေဟာကြီး စဆောက်ကတည်းက မှတ်ပုံတင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာပဲ။ သူတို့ကလုပ်ခွင့်မပေးဘူး။ ထိုင်းမှာ အလုပ်သမားရေးလုပ်ခွင့်ဆိုတဲ့ work permit ကတော့မရှိဘူး။ တစ်ခုရှိတယ် Foundation တွေ၊ NGO တွေနဲ့ချိတ်ဆက်ပြီး ပုံစံတစ်မျိုးနဲ့ဟာမှ လုပ်ခွင့်ရှိတာမျိုးရှိတယ်” ဟု ကိုရဲမင်းက ဆက်လက် ပြောသည်။
AAC ရုံးကို ပြီးခဲ့သည့် အရပ်သားအစိုးရလက်ထက်တွင်လည်း ထိုင်းအာဏာပိုင်များက ပိတ်သိမ်းရန် ဖိအားပေးခဲ့ခြင်းများရှိခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဝင် ဖြေရှင်းပေးမှုကြောင့် ဘန်ကောက် မြန်မာသံရုံးမှ ကူညီဖြေရှင်းပေးခဲ့သဖြင့် ပြန်လည်ဖွင့်လှစ်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း ကိုရဲမင်းထံက သိရသည်။
ငဓာတ်ပုံ – လူမှုကွန်ရက်
#ထိုင်းနိုင်ငံ #AACရုံး #ပိတ်သိမ်းခံရ #ရွှေ့ပြောင်းအလုပ်သမား #ထိုင်းအာဏာပိုင် #Ayeyarwaddy_Times