နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဂျင်တီးနားနိုင်ငံ တရားရုံးက စစ်ခေါင်းဆောင်များနှင့်အတူ ဖမ်းဝရမ်းထုတ်မှုအား အစိုးရအဖွဲ့အတွင်း အစုအဖွဲ့ ဖွဲ့စည်း၍ လေ့လာစောင့်ကြည့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်ရုံးထံက သိရသည်။

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်ဖြင့် မြန်မာ့အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် စစ်ဗိုလ်ချုပ် ၂၃ ဦးနှင့်အတူ သမ္မတဟောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဝရမ်း ထုတ်လိုက်ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ကြိုးစား ဆောင်ရွက်သွားရန်ရှိသလို လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေအမှန်ကို သိအောင်ပြောပြသော ကိစ္စများလည်း တောက်လျှောက်လုပ်သွားမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။

“တရားရုံးလုပ်ငန်းစဉ်တွေ၊ နောက်ပြီး သူတို့ Formal ပုံစံတွေက ဘယ်လိုသွားလဲဆိုတာ ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်း အစုအဖွဲ့တစ်ခု ဖွဲ့ပြီးတော့ ဒါတွေကို လေ့လာနေတဲ့ အခြေအနေရှိတယ်။ ထုချေလွှာ တင်မှာလားဘာလား အဲဒါတွေကိုတော့ အတိအကျ ပြောလို့မရသေးဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုကဲ့သို့ စစ်ခေါင်းဆောင်များနှင့်အတူ နိုင်ငံ့ခေါင်းဆောင် နှစ်ဦးအား တရားခံစာရင်း ထည့်သွင်း၍ ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းနေခြင်းသည် မှားယွင်းသော စွပ်စွဲဆောင်ရွက်ချက်အဖြစ် ၎င်းတို့အခိုင်အမာ မှတ်ယူသောကြောင့် တရားစွဲဆိုထားခြင်းမှ ဖယ်ရှားပေးရန်လည်း NUG က ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်၊ ညပိုင်းတွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

ယင်းအပြင် ၂၀၁၇ ခုနှစ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများအပေါ် အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများမှာ ထိုစဉ်က တရားဝင် ကျင့်သုံးခဲ့သော ၂၀၀၈ ခြေဥ ပုဒ်မ ၂၀ (ခ)၊ (ဂ) အရ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်သာလျှင်ဖြစ်ပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှု၊ ပြစ်ဒဏ်အားလုံးအတွက် ခြွင်းချက်မရှိ တာဝန်ယူ၊ တာဝန်ခံရမည်ဟုဆိုသည်။

“လက်ရှိအခြေအနေမှာ ဆိုရင်လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်က စစ်ကောင်စီ၊ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးအကျဉ်းချခြင်းကို ခံနေရတာဖြစ်တယ်။ ဒီအခြေအနေမှန်တွေနဲ့ လွဲချော်နေတဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တဲ့အတွက် ဒါတွေကိုလည်းပဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေသိအောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်ကပြောသည်။

အဆိုပါပြစ်မှုနှင့် လျော်ညီသော ပြစ်ဒဏ်ချမှတ်နိုင်ရေး၊ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ရရှိစေရန် နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုနိုင်ရေး ကြိုးပမ်းမှုမှန်သမျှကို NUG က ထောက်ခံ၍ စစ်ခေါင်းဆောင်များအား UK အခြေစိုက် BROUK က အာဂျင်တီးနား တရားရုံးမှတဆင့် တရားစွဲဆိုခြင်းနှင့် ဖမ်းဝရမ်းထုတ်ခြင်းကို ကြိုဆိုကြောင်း ဖော်ပြထားသည်။

တို့အတူ သမ္မတဟောင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်၍ ရေရှည်ငြိမ်းချမ်းပြေလည်မည့် အဖြေရရှိစေရန် ကိုဖီအာနန်ကော်မရှင် ဖွဲ့စည်းခြင်းအပါအဝင် နည်းလမ်းမျိုးစုံ ကြိုးပမ်းခဲ့သလို NUG ကလည်း ရိုဟင်ဂျာ မူဝါဒတစ်ရပ် ပြဌာန်းကာ တရားမျှတမှုရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

“အဲဒီတုန်းက စစ်တပ်အပေါ်မှာ အရပ်သားအစိုးရက လုံးဝစွက်ဖက် လွှမ်းမိုးနိုင်ခွင့် မရှိခဲ့တဲ့အခြေအနေ။ ဒါကြောင့်လည်း ၂၀၀၈ ခြေဥပြင်ဆင်ဖို့ တောက်လျှောက်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို တရားစွဲအဖွဲ့အစည်းကရော၊ တရားရုံးအနေနဲ့ရော သဘောပေါက်ဖို့လိုတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆက်လက်ပြောသည်။

ယခုကဲ့သို့ အခြေအနေတွင် NUG အစိုးရ၏ ခေါင်းဆောင်တဦးဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဟောင်းတို့ကို အာဂျင်တီးနား တရားရုံးတွင် မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုခြင်းသည် ရိုဟင်ဂျာပြည်သူလူထုနှင့် အခြားပြည်သူလူထုများအကြား နားလည်မှုလွဲမှားခြင်း၊နွေဦးတော်လှန်ရေးကိုလည်း အနှောင့်အယှက်ဖြစ်စေပြီး စစ်အာဏာရှင်များကိုသာ အကျိုးကျေးဇူး ဖြစ်ထွန်းစေလိမ့်မည်ဟု NUG ကထုတ်ပြန်ထားသည်။

#နိုင်ငံတော်သမ္မတဟောင်း #ဦးထင်ကျော် #နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
#အာဂျင်တီးနား #ဖမ်းဝရမ်းကိစ္စ #အစိုးရအဖွဲ့ #လေ့လာစောင့်ကြည့် #NUG #Ayeyarwaddy_Times