ဆေးဝါးတင်သွင်းမှုကို စစ်ကောင်စိက ကန့်သတ်ထားပြီး တရားမဝင်တင်သွင်းနေရသည့် ဆေးဝါးများ ကိုလည်း သုံးစွဲရန်မသင့်ဟု စစ်ကောင်စီ၏ FDA ကြေညာ

ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

စစ်ကောင်စီအာဏာသိမ်းလေးနှစ်အတွင်း ဆေးဝါးအတု ၆၀၀ ကျော်ကို မန္တလေးတိုင်းတွင် ဖမ်းဆီး ရမိခဲ့ပြီး အဆိုပါဆေးများတွင် ‌ကာကွယ်ဆေးအပါအဝင် သောက်ဆေးအမျိုးအစားများ ပါဝင်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါဖမ်းဆီးရရှိသောဆေးဝါးများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် ဆေးဝါးအတုများ၊ စံမညီ ဆေးဝါးများနှင့် ပျက်စီးဆေးဝါး အမျိုးအစားပေါင်း ၆၅၈ မျိုးရှိကြောင်းသိရသည်။

ဆေးဝါးအတုမျိုးစုံရောင်းချမှုကို စစ်ဆေးရာတွင် ၃၄ မှုရှိပြီး ဖမ်းဆီးရမိသူ ၅၂ ဦး၊ ဆေးအမျိုး အစားပေါင်း ၆၈၅ မျိုးပါဝင်ကာ အမျိုးသားဆေးဝါးဥပဒေဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

ယင်းဆေးများတွင် အပူချိန် (၂ မှ ၈) ဒီဂရီစင်တီဂရတ်ဖြင့်သိမ်းဆည်းရမည့် ကာကွယ်ဆေးများဖြစ်သော ‌ခွေးရူးပြန်ကာ ကွယ်ဆေး၊ မြွေဆိပ်ဖြေဆေး၊ အသည်းရောင်အသားဝါဘီရောဂါ ကာကွယ်ဆေး၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးများနှင့် ဆေးဝါးမျိုးစုံပါဝင်ကြောင်းဖော်ပြထားသည်။

” သောက်နေကျဆေးမဟုတ်ရင်၊ ဆေးကတ်ပုံစံနည်းနည်းပြောင်းနေတယ်ဆိုရင် ဆေးအတုတွေပဲ။ နောက်ပြီး ဈေးအရမ်းသက်သာနေရင်လည်း ဆေးအတုတွေပဲ။ ဒီကာလဆေးတွေဝယ်ရခက်တော့ အတုတွေလည်းများတယ်။ ဆေးဝယ်ပြီး သံသယရှိရင် ဆရာဝန်ကိုမေးပြီးမှသောက်တာ ကောင်းပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်းသတိထားရတယ် ” ဟု ရန်ကုန်မြို့ရှိ အထွေထွေ ရောဂါကု ဆရာဝန်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင်‌ အေးခဲထားရမည့် ကာကွယ်ဆေးဝါးများကို အေးခဲထားခြင်းမရှိဘဲ ပို့ဆောင်ခါနီးမှ ကာကွယ် ဆေးဝါးအတုများကို ရေခဲပုံးများဖြင့် လိမ်လည်ပြင်ဆင်၍ ပို့ဆောင်မှုများလည်း ရှိကြောင်း သိရသည်။

” ဆေးအာနိသင်တော့မသိဘူး။ ဖျားနာတစ်ခုခုဖြစ်ရင် ဆေးတစ်ခွက် ငါးရာဖိုးဝယ်သောက်လိုက်တာပဲ။ အရောင်စုံပါတယ်။ သွေးတိုးလည်းဆေးဆိုင်မှာ ဆေးစပ်ခိုင်းလိုက်တာပဲ။ သုံးခွက်ဆိုသက်သာသွား တာပဲ” ဟု ရွှေပြည်သာမြို့နယ်နေထိုင်သူ ကွမ်းယာရောင်းသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ဆေးဝါးတင်သွင်းမှုလိုင်စင်များကို ကန့်သတ်ထားသဖြင့် တရားမဝင်နည်းလမ်းများ ဖြင့် ဆေးဝါးတင်သွင်းမှုများလည်းရှိကြောင်း ‌ဆေးဝါးရောင်းချသူများထံက သိရသည်။

ထိုသို့ ဆေးဝါးတင်သွင်းမှုကန့်သတ်ထား၍ တရားမဝင်တင်သွင်းနေရသည့် OXYTOCIN (အောက်ဆီတိုစင်) ဆေးဗူးနှင့် ဆေးကတ်များကို ရောင်းချနေကြောင်း စစ်ကောင်စီ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က ဆေးဝါးဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိသဖြင့် သုံးစွဲရန်မသင့်ကြောင်းကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်က အသိပေး ကြေညာထားသည်။

အဆိုပါအောက်ဆီတိုစင်ဟော်မုန်းကို အမျိုးသမီးများ မီးဖွားခြင်းကိစ္စများတွင် သဘာဝအတိုင်း မီးဖွားခြင်းမပြုလုပ်နိင်သောအခါ (သို့မဟုတ်) မိခင်၏ သားအိမ်ညှစ်အားကနည်းနေသောအခါ သားအိမ်ညှစ်အားကောင်းစေရန် ပေးလေ့ရှိကြောင်းသိရသည်။

ထို့ပြင်တရားဝင်တင်သွင်းထားသော ဆေးဘူးနှင့် ဆေးကတ်များတွင် မြန်မာနိုင်ငံ၏ ဆေးဝါးမှတ်ပုံတင်အမှတ် ပါရှိပြီး တရားမဝင်တင်သွင်းထားသည့်ဆေးဘူးနှင့်ဆေးကတ်တွင် ပါကစ္စတန်ဘာသာစကားဖြင့်ဖော်ပြထားကြောင်း FDA ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ FDA
ပုံစာ – ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်မြို့၌ရောင်းချသောဆေးဝါးအရောင်းပွဲတော်မှ ဆေးဝါးပြခန်းများပုံ
#ဆေးဝါးအတုများဖမ်းမိ #မန္တလေးတိုင်းအတွင်း #Ayeyarwaddy_Times