ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်း ဗောဓိတစ်ထောင်နှင့် ထန်းကိုင်းကြားရဲစခန်းအနီးတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများတင်လာသည့် ယာဉ်တစ်စီးပေါက်ကွဲပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးသေဆုံးကာ ခြောက်ဦးပြင်းထန်ဒဏ်ရာရရှိသွား ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ကပစ ၁၀ ကုန်းကြီးမှ ကပစ ၁၂ သရက်သို့ ထွက်ခွာလာသည့် စစ်သုံးလုပ်ငန်းယာဉ်တစ်စီး ပေါက်ကွဲပြီး အရာရှိတစ်ဦးသေဆုံးကာ ကျန်သည့်သူများ နေပြည်တော် ခုတင် ၁၀၀၀ သို့ ပို့ဆောင် လိုက်ရကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

“ထုတ်ပိုးသယ်ယူစနစ် ပေါ့ဆမှုကြောင့် ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။ ကပစ စနစ်က ထုတ်လုပ်ရေးစစ်သည်တွေဖြစ်ပါတယ်”ဟု စစ်ရေးလေ့လာသုံးသပ်မှုများ ပြုလုပ်နေသည့် CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပေါက်ကွဲပျက်စီးသွားသည့်ယာဉ်ပေါ်တွင် ၁၂၂ မမ ဒုံး သီးများတွင့် ထည့်သွင်းရသည့်ယမ်းများ တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ယာဉ်တစ်စီးလုံးပျက်စီးသွားသည့် အတွက် လိုက်ပါလာသည့် ဗိုလ်ကြီးရန်ငြိမ်းဖြိုး သေဆုံးပြီး ကျန်ခြောက်ဦးကို တစက ၂/၁၀၀၀ နေပြည်တော်သို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

ယာဉ်ပေါ်ပါလာသည့် သုံးတန်ခန့်ရှိသည့် အစပျိုးယမ်းများနှင့် လက်နက်ကြီး အရှည် ခုနစ် လက်လည်း ပျက်စီးသွားကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ လုပ်ဆောင်မှုကြောင့် ယာဉ်ပေါက်ကွဲပျက်စီးသည်ဟု အစပိုင်းသတင်းလွှင့်ထားသော်လည်း ရဲစခန်းအနီးတွင် ပေါက်ကွဲခဲ့သည့်အတွက် သတင်းလိမ်လည်တင်ပြ၍မရတော့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

လက်ရှိတွင် မကွေးတိုင်းနှင့် ဧရာဝတီအစပ် ပဲခူးတိုင်း အစပ်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်လက်နက်ပစ္စည်းများကို ကပစစက်ရုံများတွင် အလျင်အမြန် ထုတ်လုပ်နေရကြောင်း သိရသည်။

ထုတ်လုပ်လိုက်သည့် ဗုံးသီးနှင့် စစ်လက်နက်ပစ္စည်းများကို စမ်းသပ်သည့်အဆင့်ပင် မပြုလုပ်တော့ဘဲ ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ(ပုံဟောင်း)
#မကွေး #သရက် #မင်းလှ #ကပစ #လက်နက်ခဲယမ်း #ယာဉ်ပေါက်ကွဲ #စစ်ကောင်စီ #ဗိုလ်ကြီးသေဆုံး #Ayeyarwaddy_Times