
(ချင်း)၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ရက်
ချင်းပြည်နယ်၊ တီးတိမြို့နယ်နှင့် တွန်းဇံမြို့နယ်အစပ်ရှိ ကျေးရွာ ၁၀ ရွာကို ဇိုမီးတော်လှန်ရေးတပ်မတော် ZRA မှ အဝင်အထွက် မပြုလုပ်ရန် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြည်သူများကို နှတ်ဖြင့်သတိပေးထားကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် တွန်းဇံမြို့နယ်၊ တွီးခိန်းကျေးရွာတွင် ZRA နှင့် ချင်းကာကွယ်ရေးတပ် (တွန်းဇံ) တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများကို ZRA မှ ယခုကဲ့သို့ ပိတ်ထားလိုက်ခြင်းဖြစ်သည်။
“ကျေးရွာအဝင်အထွက် မလုပ်ဖို့ ZRA ကနေ ၁၀ ရွာလောက် သတိပေးခံထားရပါတယ်။ အကယ်လို့ သတိပေးတဲ့ကြားက မလိုက်နာပဲ သွားမယ်ဆိုရင် တစ်ခုခုဖြစ်ရင် သူတို့အနေနဲ့ လုံးဝ တာဝန်ယူမယ်မဟုတ်ဘူးလို့ ပြောပါတယ်။ အခုလိုအဝင်အထွက် ပိတ်ထားရတဲ့အကြောင်းလည်း မသိရဘူး” ဟု တီးတိန်မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ZRA ၏ အဝင်အထွက် ပိတ်ထားသည့် ကျေးရွာများသည် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်အစပ်ရှိ Thalmual၊ Phaiza၊ Buanli၊ Dampi၊ Tuisanzang၊ Bukphil၊ Ngente၊ Darkhai၊ Tauleng နှင့် Ngalbual ကျေးရွာတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများကို ZRA ၏ အဝင်အထွက် ပိတ်ထားလိုက်သည့်အတွက် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် အခက်ကြုံနေရကြောင်း ပြောကြသည်။
“တစ်ရွာနဲ့တစ်ရွာက အမျိုးတွေချည်းပဲလေ။ လူမှုရေးဖြစ်ဖြစ်၊ သာရေးနာရေးဖြစ်ဖြစ် အလုပ်ကိစ္စတွေပဲဖြစ်ဖြစ် တစ်ရွာနဲ့တစ်ရွာက အဝင်အထွက်လုပ်ကြပဲလေ။ အခုလို အဝင်အထွက်ပိတ်ထားတော့ အရေးပေါ်အခြေအနေမျိုးတွေမှာ အရမ်းဒုက္ခရောက်ရတယ်” ဟု တွန်းဇံမြို့နယ်ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ZRA ထိန်းချုပ်ထားသည့် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ကျေးရွာတချို့တွင် ZRA မှ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး တစ်အိမ်တစ်ယောက်နှုန်းဖြင့် ကျေးရွာတွင် အလှည့်ကျ ကင်းစောင့်ခိုင်းကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ရက်နေ့ကလည်း တီးတိန်မြို့နယ်၊ ထာလ်မွာလ်ကျေးရွာထိပ်ရှိ ပြည်သူ့ကာကွယ်ရေးတပ် တီးတိန်၏ ကာကင်းစခန်းတစ်ခုကို ZRA မှ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး လက်နက်ခဲယမ်းတချို့နှင့် ရိက္ခာများ ဆုံးရှုံးခဲ့ကြောင့် PDA တီးတိန် တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုံစာ – ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA) ရဲဘော်များကို တွေ့ရစဥ်(ပုံအဟောင်း)
#တီးတိန်မြို့နယ် #တွန်းဇံမြို့နယ် #ကျေးရွာတချို့ #ZRA #အဝင်အထွက်မလုပ်ရန်တားမြစ် #Ayeyarwaddy_Times