ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေရှိ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော် (AA) က ဟောင်ဝစ်ဇာ လက်နက်ကြီးများပါသုံး၍ တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

AA သည် စစ်တွေမြို့ရှိ စစ်ကောင်စီစခန်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၁၇ရက်နေ့ နံနက် ၁၁နာရီမှ ညနေပိုင်းအထိ လက်နက်ကြီးများ ၊ ဒရုန်းဗုံးများသုံး၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်တွေရေတပ်ဌာနချုပ်အနီးကို AAပစ်တဲ့ လက်နက်ကြီးကျည် ၂လုံးကျတယ်။ နေ့ခင်းကနေ ညနေထိ ပစ်ခတ်နေတာ။ ညကျ စစ်တပ်က ပေါင်၅၀၀ဗုံးတွေကြဲတယ်။ ပေါက်တောဘက်ကို ကျတာများပါတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့တိုက်ခိုက်ပြီးချိန်တွင် စစ်ကောင်စီက ည‌ ၈နာရီမှ ၉နာရီထိ ဂျက်ဖိုက်တာများသုံး၍ ပေါင် ၅၀၀ဗုံးများဖြင့် ပြန်လည်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်တိုက်ခိုက်မှုကြောင့် ပေါက်တောမြို့နယ်မှ သဲခုံရွာနှင့် ငပြီကျွန်းရွာများထဲသို့ ပေါင် ၅၀၀ ဗုံးများကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

AA သည် စစ်တွေရှိ စစ်ကောင်စီတပ်စခန်းများရှိရာ ဒေသဆိုင်ရာ ကွပ်ကဲမှုဌာနချုပ် ဒကစ၊ စစ်တွေရေတပ်ဌာနချုပ်၊ ရဲတပ်ရင်း ၃၂၊ ရွှေမင်းဂံဆိပ်ကမ်း၊ ခမရ ၃၄၄တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အမြင့်ကျွန်းဂိတ်ကို တည့်တည့်ကျတာ စစ်တပ်ကအတော်များများသေသွားတယ်။ တခြားတပ်ရင်းတွေပစ်တာလည်း ထိတယ်” ဟု သတင်းရင်းမြစ်ကပြောသည်။

စစ်တွေမြို့သိမ်းတိုက်ပွဲပြင်းထန်လာသည့်အတွက် စစ်ကောင်စီက စီးပွားရေးဘဏ်ရှိ ငွေကြေးများကို စစ်တွေမြို့မှရွှေ့ပြောင်းနေကြောင်း သိရသည်။

စစ်တွေမြို့တွင် စစ်ကောင်စီအရာရှိမိသားစုများများမှာ ရန်ကုန်နှင့် နေပြည်တော်သို့ ပြောင်းရွှေ့နေကြပြီး အရပ်သားများကို စစ်ကောင်စီက မြို့တွင်းမှ စစ်ရှောင်ခွင့်မပြုကြောင်း သိရသည်။

#စစ်တွေ #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ# လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times