
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာရှိ အမှတ်(၃၄၄) အမြောက်တပ် (အမတ -၃၄၄) အနီးရှိ လယ်ကွင်းထဲသို့ လက်နက်ခဲယမ်းများလွှင့်ပစ်ထားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးသွားကြကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သားများသည် ယခုရက်ပိုင်းအတွင်းက ငါးသိုင်းချောင်းမြို့နှင့် ၁၂ မိုင်သာ ဝေးကွာ သည့် မြောက်စမ်းအမြောက်တပ် ၃၄၄ အနီးရှိ ကျေးရွာအချို့၏ လယ်ကွင်းထဲတွင် လက်နက် ခဲယမ်းအမြောက်အများကို စွန့်ပစ်ကာ ထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။
“ကျွန်တော်တို့ လယ်ထဲသွားရင်း သေနတ်တွေရော ကျည်ဆံတွေပါ အများကြီးတွေ့ရတယ်။ စစ်မတိုက်ချင်လို့ လက်နက်တွေကို လွှင့်ပစ်ပြီး ထားခဲ့ကြတာနေမယ်။ ဒါတွေတွေ့လို့ လယ်ကွင်းထဲ သိပ်မသွားရဲဘူး။ လောလောဆယ်တော့ အသံငြိမ်နေတယ်။ ပစ်ခတ်သံမကြားရဘူး”ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ဆက်သွယ်ပြောကြားသည်။
ထို့သို့ စစ်ကောင်စီတပ်သားများ စွန့်ပစ်ထားခဲ့သည့် လက်နက်ခဲယမ်းများကို စစ်ကောင်စီတပ်က လာရောက် သိမ်းဆည်းခြင်းရှိ/မရှိကိုမူ အသေးစိတ် သိရှိရခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။
မြောက်စမ်း အမြောက်တပ် ၃၄၄ ရှိ အဓမ္မစုဆောင်းခံထားရသည့် ပြည်သူ့စစ်မှုထမ်းများနှင့် အခြားစစ်သည်များမှာလည်း စစ်မတိုက်ချင်တော့၍ ထွက်ပြေးနေကြကြောင်းသိရသည်။
“ပြည်သူ့စစ်မှုထမ်းတွေကလည်း စုဆောင်းခံထားရသူတွေဆိုတော့ စစ်တိုက်ချင်တဲ့စိတ်မရှိဘူးလေ။ ဒီတော့ အခြားစစ်မတိုက်ချင်တဲ့ စစ်သည်တွေနဲ့ပေါင်းပြီး မကြာမကြာ ပြေးနေကြတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထွက်ပြေးနေကြသည့် စစ်သည်များနှင့် ပြည်သူ့စစ်မှုထမ်းများကို ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဝတ်ဆင်ကာ လိုက်လံရှာဖွေစုံစမ်းနေ ကြောင်း ရေကြည်ဒေသခံများကပြောသည်။
လက်ရှိမှာ မြောက်စမ်း အမြောက်တပ် ၃၄၄ တွင် ခံစစ်သာပြင်ဆင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ မိသားစုဝင် ဇနီးသည် ရဲမေများကို ကျုံပျော်မြို့ အခြေစိုက် ခလရ ၃၆ သို့ပို့ဆောင်ထားကာ စစ်ကောင်စီတပ်ဖွဲ့အချို့ကိုလည်း အဆိုပါ ခလရ ၃၆ တွင် သွားရောက်ပူးပေါင်းခိုင်းထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ- ရေကြည်အမြောက်တပ် ၃၄၄ နှင့်၊ စစ်ကောင်စီ၏ အမြောက်တပ်တစ်နေရာ (ပုံဟောင်း)
#ရေကြည် #မြောက်စမ်းအမြောက်တပ် #၃၄၄အနီး #လယ်ကွင်းထဲ #လက်နက်ခဲယမ်းများလွှင့်ပစ် #စစ်ကောင်စီတပ်သားအချို့ထွက်ပြေး #Ayeyarwaddy_Times