ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ခရစ်ယာန်ဘုန်းတော်ကြီး သတ်ဖြတ်ခံခဲ့ရသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ခုံရုံးတင် စစ်ဆေးမည်ဖြစ်ပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနထံက သိရသည်။

NUG အနေဖြင့် ဘာသာရေးခေါင်းဆောင်များအပါအဝင် အရပ်သား ပြည်သူများကို ပစ် မှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ကျူး လွန်သည်ဖြစ်စေ ပြင်းထန်စွာ ရှုတ်ချပြီး ကျူးလွန်သူများကို ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီက မန္တလေးဂိုဏ်းချုပ်သာသနာမှ သက်တော် (၄၄) နှစ်ရှိ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်( Fr. Donald Martin) ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင် ၁၀ ဦးက သတ်ဖြတ်ခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး NUG အစိုးရအနေဖြင့် ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးကို အပူတပြင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ကျူး လွန်ခဲ့သူ ၁၀ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင်တပ်ရင်း (၅)နှင့် တိုက်နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့များ (ပကဖ)တို့က သတင်းရသည်နှင့် တစ်ပြိုင် တည်း ပူးပေါင်းပြီး နေ့တွင်းချင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ရှိ စုံစမ်းစစ်ဆေးမှုများအရ သံသယ တရားခံများသည် ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြောင်းသိရှိရပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်သည့် အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)က စစ်ခုံရုံးတင်စစ်ဆေးပြီး တရား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး စစ်ဆေးမှုများဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ- သတ်ဖြတ်ခံခဲ့ရသည့် မန္တလေးဂိုဏ်းချုပ်သာသနာမှ သက်တော် (၄၄) နှစ်ရှိ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်( Fr. Donald Martin)
#စစ်ကိုင်း #ရွှေဘို #ခရစ်ယာန် #ဘုန်းတော်ကြီး #သတ်ဖြတ်ခံရမှု #စစ်ခုံရုံးတင် #စစ်ဆေး #NUG #Ayeyarwaddy_Times