===============

ရှေ့တန်းစစ်မြေပြင်မှ လက်နက်မဲ့ ထွက်ပြေး လွတ်မြောက်လာသည့် တပ်ပြေး ၈ ဦး ကိုပါ ခေါ်ယူထား

ဧရာဝတီတိုင်းမ်
(မိုးဗြဲ)၊ ဖေဖော်ဝါရီ ၁၈ ရက်

ရှမ်း-ကရင်နီနယ်စပ်ဒေသရှိ ဗိုးဗြဲဒေသတွင် စစ်ကောင်စီမှ စစ်မှုထမ်းရန်စုဆောင်းထားသည့် အမှတ်စဉ် (၅) မှ တပ်သား သစ်ငါး ဦးမှ လက်နက်နှင့်တကွ ကရင်နီအမျိုးသားများကာကွယ် ရေးတပ်ဖွဲ့ (KNDF) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသည့် ဘက်ပြောင်းခိုလှုံသူ ငါး ဦးအပြင် ရှေ့တန်းစစ်မြေပြင်မှ လက်နက်မဲ့ ထွက်ပြေး လွတ်မြောက်လာသည့် တပ်ပြေး ရှစ် ဦး ကိုပါ ခေါ်ယူထားနိုင်ပြီး သက်ဆိုင်ရာဌာနများတွင် လုံခြုံစွာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထားရှိပေး‌ထားကြောင်း KNDF ကထုတ်ပြန်ထားသည်။

“အလင်း၀င်လာတယ့်လူတွေကတော့ အမှတ်စဉ် ၅ စစ်သင်တန်းဆင်းတွေဖြစ်တယ်။ တော်လှန်ရေး တပ်ဖွဲ့ဘက်ကို လက် နက်အပြည့်အစုံနဲ့ ကူးပြောင်းလာတာ ဖြစ်ပါတယ်။ သူတို့တွေကိုတော့ လောလောဆယ် လုံခြုံစိတ်ချရတဲ့ နေရာမှာ ကောင်းကောင်းမွန်မွန် ထားရှိ နေတာ ဖြစ်ပါတယ်” ဟု KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောဆိုချက်များအရ တပ်သားသစ်အားလုံးနီးပါးမှာ စစ်မှုထမ်း ရန် ဆန္ဒမရှိဘဲ စစ်ကောင်စီ၏ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းခံရသူများဖြစ်ကြောင်း သိရသည်။

ကရင်နီ စစ်မြေပြင်သို့ ပို့ဆောင်ခံရသည့် တပ်သားသစ်များတွင် အသက်မပြည့်သေးသည့် ကလေးများ လည်း ပါဝင်နေကြောင်း တွေ့ရပြီး တပ်သားသစ်များမှာ စစ်ကိုင်း၊ ရန်ကုန်၊မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ ကရင် စသည့် ဒေသများမှ သူများဖြစ်ကြောင်းလည်း သိရသည်။

KNDF အနေဖြင့် လူ့အခွင့်အရေးကိုအပြညိ့အဝလိုက်နာပြီး စစ်ကောင်စီ၏ အောက်ခြေတပ်သားမှ အရာရှိအဆင့်အထိ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်လိုခြင်းမရှိဘဲ အာဏာရှင်စစ်ခေါင်းဆောင်များကိုသာ တော်လှန်ခြင်းဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် ပြည်သူဘက်မှ ရပ်တည်ကြရန်လည်း KNDF က တိုက်တွန်း ပြောဆိုထားသည်။

ဓာတ်ပုံ – KNDF
#ကရင်နီ #မိုးဗြဲ #စစ်မှုထမ်း #အပါတ်စဉ်၅ #အလင်းဝင် #တပ်သားသစ် #Ayeyarwaddy_Times