
(ဟားခါး)၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီခန့် ဝန်ကြီးများနှင့် ဗိုလ်မှူးချုပ်များမှ ဦးစီး၍ လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေကြောင်းဒေသခံများထံက သိရသည်။
ဟားခါးမြို့တွင် ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရန်အတွက် ဝန်ကြီးများနှင့် စစ်ကောင်စီတပ် အရာရှိများမှ သက်ဆိုင်ရာ တာဝန်အသီးသီးယူပြီး ၎င်းတို့လက်အောက်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်၍ ပြင်ဆင်ဆောင်ရွက်ခိုင်းနေကြောင်း သိရှိရသည်။
“ပွဲဖြစ်မြောက်ဖိုအတွက် ဝန်ကြီးတွေ သက်ဆိုင်ရာ ဌာနတွေက အရာရှိတွေက တာဝန်တွေယူပြီး သူတို့ဌာနအလိုက် ဝန်ထမ်းတွေကို လိုအပ်တာတွေ ပြင်ဆင်ဆောင်ရွက်ခိုင်းတယ်။ အရင်ကလို မြို့ခံတွေ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိဘူး။ အခုကသူတို့အသိုင်းအဝိုင်းလောက်ပဲ တွေ့ရတယ်” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဟားခါးမြို့တွင် နှစ်စဥ် ကျင်းပသည့် ချင်းအမျိုးသားနေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံတော်အဆင့်ရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ်တွင် နိုင်ငံတော်အဆင့်ရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်နိုင်ကြောင်း ခန်န့်မှန်းနေကြသည်။
“အခုနှစ်က အရင်နှစ်တွေထက် ပြင်ဆင်တာ တကယ် ထူးခြားတယ်။ ဒီနှစ်တော့ နိုင်ငံတော်အဆင့် လူကြီး တစ်ယောက်ယောက် လာမယ်ထင်တယ်။ ဌာနဆိုင်ရာလူကြီးတွေ၊ ဝန်ထမ်းတွေ သူတို့ကိုယ်တိုင် ပါဝင်ပြင်ဆင်နေကြတယ်။ ပြီးတော့ ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း လာရောက်ကြည့်ရှူ့တာ၊ စီမံတာတွေလုပ်တယ်” ဟု ဟားခါးဒေသခံက ဧရာဝတီတိုင်းမ်ကို ဆက်ပြောသည်။
စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်သည် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ( ၇၇ ) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားပြင်ဆင်မှုများကို ကြည့်ရူ့စစ်ဆေးခဲ့ကြောင်း သိရသည်။
ဟားခါးမြို့သည် ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ ထိန်းချုပ်ထားသည့် မြို့နယ် လေးခုထဲမှ မြို့တစ်မြို့ဖြစ်ပြီး ပြည်နယ်၏မြို့တော်လည်း ဖြစ်သည်။
ဟားခါးမြို့နှင့် နယ်မြေတဆက်တည်းရှိသည့် ထန်တလန်မြို့နှင့် ဖလမ်းမြို့တို့တွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့်အတွက် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေသည်။
#ဟားခါးမြို့ #စစ်ကောင်စီ #ဝန်ကြီးများ #ဗိုလ်မှူးချုပ်များ #ချင်းအမျိုးသားနေ့ကျင်းပမည် #Ayeyarwaddy_Times