
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်
ပဲခူးတိုင်း ဒေသကြီး၊ စစ်တောင်းမြစ်ဝှမ်းဒေသတွင် ယမန်နေ့ ၁၆ ရက်နေ့၊ နံနက် ၁ နာရီဝန်းကျင်တွင် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက စစ်ကောင်စီလက်အောက်ခံ ကင်းစခန်း ခုနစ် ခုကို အသီးသီး ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
စစ်တောင်းမြစ်ဝှမ်းဒေသရှိ ညောင်လေးပင်၊ ကျောက်ကြီး၊ ဖြူး၊ ကျောက်တံခါး စသည့်မြို့နယ်များမှ စစ်ကောင်စီစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့အဝင်ရှိ စစ်ကောင်စီကာကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် နှစ် ဦးသေဆုံးခဲ့ကာ လေး ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ရှိ နရွဲပင် စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ညောင်လေးပင်ကနေ ဖြူးထိ ဂိတ်စခန်း ခုနစ် ခုပါ။ အချိန်ကွာပေမဲ့ စစ်ဆင်ရေးလုပ်ငန်းစဉ်တစ်ခုပဲ။ ဗျူဟာ ၂၄၊ ၂၅၊ ၂၆ ကတပ်တွေ ပါဝင် တိုက်ခိုက်ခဲ့ပါတယ်” ဟု တော်လှန်ရေးတက်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာ နှင့် ထိန်တပင်ကျေးရွာကြား ရထားလမ်းရှိ စစ်ကောင်စီ ခလရ-၂၇၄ တပ်ရင်း ကာကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင်လည်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ စစ်ကောင်စီလက်အောက်ခံ ဆာဂွန်းဂိတ် နှင့် ဆင်တဲကုန်းရွာရှိ စစ်ကောင်စီစခန်းကို တိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် နှစ် ဦးထက်မနည်း သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ် ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါနေ့တွင်ပင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း မြို့အနီးရှိ တောရကျောင်း စစ် ကောင်စီစခန်းကိုသွား ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ် ဦးကျဆုံးခဲ့ ကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီ စခန်း ခုနစ် ခုကိုဝင်ရောက်တိုက်ခိုက်ပြီး နောက် ၎င်းတို့ထံမှ G-3 ၂ လက်၊ MA-1 တစ်လက်၊ MA-11 နှစ် လက်၊ ၆၀ မမ လက်နက်ကြီး တစ် လက်၊ ၆၀မမ ဗုံးသီး ၁၀ လုံး၊ ကျည်ဘောက်များ၊ လက်ပစ်ဗုံးများ၊ ကျည်တောင့်များ၊ မိုင်းများ အပါအဝင် ကျည်ကာဝတ်စုံ၊ ကျည်ကာဦးထုတ် နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ ကြောင်းလည်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) နှင့် အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ(၂) ဗျူဟာ၂၄ လက် အောက်ရှိ အာဠာဝက စစ်ကြောင်း၊ တပ်ရင်း-၃၅၀၃၊ဟင်္သာတခရိုင် အမှတ်-၂ တပ်ရင်း(၆၀၀၂)၊ ဖြူး ပကဖ၊ ဗျူဟာ ၂၅ လက်အောက်ရှိ တပ်ရင်း-၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်(၉၉၁၄)၊ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅) ၊Spring Warrior Column၊ ဗျူဟာ ၂၆ လက်အောက်ရှိ တော်ဝင်ဒေါင်းတပ်ရင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့၊ လူမှုကွန်ရက်
#ပဲခူး #စစ်တောင်းမြစ်ဝှမ်း #စခန်း၇ခု #တိုက်ခိုက်ခံရ #စစ်ကောင်စီ #Ayeyarwaddy_Times