ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မကျည်းကုန်းရပ်ကွက်တွင် စစ်မှုထမ်းရန်ဆင့်ခေါ်ခံရသည့် လူငယ် တစ်ဦး၏ နေအိမ်သို့ သွားခေါ်သည့် ရဲတပ်ကြပ်ကြီးနှင့် အုပ်ချုပ်‌ရေးအဖွဲ့ဝင်ပျူစောထီးတို့ နှစ်ဦး ဓားဖြင့်အခုတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အောင်လံမြို့နယ်၊ မကျည်းကုန်းရပ်ကွက်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီ သတ်မှတ်ထားသည့် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်မှုထမ်းရန်ဆင့်ခေါ်ခံရသည့် လူငယ်တစ်ဦး၏ နေအိမ်ကို ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ပျူစောထီးတစ်ဦးတို့မှ သွားရောက်ခေါ်ဆောင်စဉ် နေအိမ် မိသားစုဝင်မှ ဓားဖြင့်ခုတ်၍ နှစ်ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့နှစ်ယောက်က ဆင့်ခေါ်ခံရတဲ့လူငယ်အိမ်ကို သွားခေါ်တာစစ်မှုထမ်းဖို့။ အဲဒီအိမ်က ဓားနဲ့ ထွက်ခုတ်တာ နှစ်ယောက်လုံးပွဲချင်းပြီးပဲ။ ခုတ်တဲ့ မိသားစုကတော့ ထွက်ပြေးသွားပြီ၊ လွတ်သွားပြီ”ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နေအိမ်သို့သွားရောက်ခေါ်သည့် ရဲတပ်ကြပ်ကြီးကျော်သူရ (၅၂) နှစ်နှင့် ပျူစောထီး ငထွန်း (၅၀) နှစ်တို့သည် ဓားနှင့်ခုတ်ခံရပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဓားဖြင့်ခုတ်ခဲ့သည့် မိသားစုဝင်အားလုံး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်းနှင့် ရဲတပ် ကြပ်ကြီးကျော်သူရကို အောင်လံရှိ၎င်း၏နေအိမ်တွင် ဈာပနပြင်ဆင်ထားပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့တွငါ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ – ဓားခုတ်ခံရပြီး သေဆုံးခဲ့သည့် ရဲတပ်ကြပ်ကြီးကျော်သူရ

#မကွေး #အောင်လံ #မကျည်းကုန်း #စစ်မှုထမ်း #ဆင့်ခေါ် #ရဲတပ်ကြပ်ကြီး #ပျူစောထီး #ဓားခုတ်ခံရ #သေဆုံး #Ayeyarwaddy_Times