ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရာအိမ်မှူးဖြစ်သူက ပြည်သူ့စစ်မှုထမ်း အကြောင်းပြ၍ လစဥ်ငွေတောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။

ဇင်ပြွန်းကုန်းအုပ်စု၊ သရက်တပင်ကျေးရွာရှိ ရာအိမ်မှူးဦးဖိုးသဲမှာ ပြည်သူ့စစ်မှုထမ်းများအတွက် ထောက်ပံ့ရန်ဟုဆိုကာ ငွေတောင်းယူပြီး ငွေမပေးနိုင်လျှင် လူငယ်များကို ဖမ်းဝရမ်းထုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံများကပြောသည်။

“ရွာရဲ့ ဘေးပတ်ပတ်လည်မှာ စစ်တပ်သုံးတပ်ရှိတယ်၊ အဲဒါကို အခွင့်ကောင်းယူပြီးခြိမ်းခြောက်တယ်၊ ငွေတောင်းယူတယ်။ မပေးရင် ဖမ်းဝရမ်းထုတ် ကြေငြာပြီး ဖမ်းမယ်လုပ်နေတာ။ သူတို့တောင်းတဲ့ပိုက်ဆံသာပေးမယ်ဆိုရင် သူ့မိန်းမကတစ်ခါတည်းလာယူတယ်”ဟု ဇင်ပြွန်းကုန်းအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သရက်တပင်ကျေးရွာရှိ အသက် ၁၈နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များအား ဖမ်းဝရမ်းထုတ်မည်ကို စိုးရိမ်၍ ထိုငွေများကို လစဥ်ပေးဆောင်နေရကြောင်း သိရသည်။

သရက်တပင်ကျေးရွာတွင် အိမ်ခြေ နှစ်ရာကျော်ရှိပြီး နေအိမ်တစ်အိမ်လျှင် ကျပ်ငွေတစ်သောင်းငါးထောင်အထိ လစဥ်ပေးဆောင်ရကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှာ စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာသည့်အပြင် ဆင်းရဲနွမ်းပါသည့် ဒေသခံလူငယ်များက်ိုပါ ​​နေအိမ်အထိဝင် ရောက်ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်ူခိုင်းနေကြောင်း သိရသည်။

#ပုသိမ် #ရာအိမ်မှူး #ဦးဖိုးသဲ #စစ်မှုထမ်းအကြောင်းပြငွေတောင်း #မပေးလျှင် #ဖမ်းဝရမ်းထုတ်မည်ဟုခြိမ်းခြောက်
#Ayeyarwaddy_Times