
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
မိုးရာသီတွင်ဖြစ်ပွားသော ဝမ်းပျက်ဝမ်းလျှောဂါသည် ပွင့်လင်းရာသီ ရောက်လာချိန်တွင်ပါ ဆက်လက် ဖြစ်ပွားနေပြီး မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့်ဆေးရုံတက်ကုသရသူလူနာ ၁၀၀ နီးပါး ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
ရန်ကုန်တိုင်းတွင် သာမာန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၅၉ ဦး၊ ပဲခူးတိုင်းတွင် သာမာန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားသူ ၂၈ ဦး ၊ မန္တလေးတိုင်း သာမာန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားသူ သုံး ဦးနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ သုံးဦး ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းကလည်း မြန်မာ – ထိုင်းနယ်စပ် တွင် ကာလဝမ်းရောဂါဖြစ်ပွားမှုကြာင့် လူဦးရရာနှင့်ချီ၍ ရောဂါခံစားခဲ့ရသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှစကာ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်မှ စတင်ကာ ကာလဝမ်းရောဂါနှင့် သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာတွင် ရန်ကုန်နှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ်အချို့တွင် ကာလဝမ်းရောဂါကာကွယ်ဆေး (Oral Cholera Vaccine-OCV) တိုက်ကျွေး ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်သည်။
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များဖြစ်သည့် မင်းတပ်၊မတူပီ၊ကန်ပလက်၊ပလက်ဝမြို့နယ်တို့ တွင်လည်း ၂၀၂၄ ဒီဇင်ဘာလ လလယ်မှ ဖေဖော်ဝါရီလဆန်းပိုင်းအထိ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းသံသယရောဂါဖြစ်ပွားမှုများကာ သေဆုံးသူများရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့အထိ Chin Telehealth က ထုတ်ပြန်ထားသည့်စာရင်းများအရ မင်းတပ်မြို့နယ်အတွင်း ၁၄၃ ယောက်၊ မတူပီမြို့နယ်အတွင်း ၁၉၀ ယောက်၊ ကန်ပလက်မြို့နယ်အတွင်း ၂၄ ယောက်၊ ပလက်ဝမြို့နယ်အတွင်း ၁၂၄ ယောက်၊ စုစုပေါင်း ရောဂါဖြစ်ပွားသူ ၄၈၁ ယောက် ရှိနေပြီး ပလက်ဝမြို့နယ်အတွင်း ၁နှစ်အောက်ကလေး နှစ် ယောက်၊ မင်းတပ်မြို့နယ်အတွင်း ၁ နှစ်အောက်ကလေး တစ်ယောက်၊ လူကြီး တစ်ယောက် သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရန်အတွက် မသန့်ရှင်းသော အစားအစာများအစားရန်၊ သန့်ရှင်းသောရေသောက်သုံးရန်၊ လက်ကိုစနစ်တကျဆေးကြောရန်နှင့် ယင်လုံအိမ်သာသုံးရန် အပါ အဝင် အမှိုက်များကိုစနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း သိရသည်။
ဓာတ်ပုံ – MOI (ပုံဟောင်း)
#မြိုနယ်အချို့ #ဝမ်းပျက်ဝမ်းရောဂါ #ဖြစ်ပွားနေ #Ayeyarwaddy_Times