
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
အမျိုးသမီးနှင့် ကလေးများအပါအဝင် ရိုဟင်ဂျာ ၁၀၀၀ နီးပါးကို အင်းစိန်ထောင်မှ စစ်ကောင်စီတပ် နှင့်ရဲများက ခေါ်ထုတ်သွားပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရေကြောင်းအသုံးပြု၍ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှစ၍ လွတ်ရက်စေ့ ရိုဟင်ဂျာ ကလေးသူငယ်များ၊ အမျိုးသား/အမျိုးသမီး ၉၃၆ ဦးတို့ကို အင်းစိန် ထောင်အတွင်းမှ စစ်တပ်နှင့်ရဲတပ်ဖွဲဝင်များမှ Express (ခရီးသည်တင်ယာဉ်)များဖြင့်ခေါ်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
လွတ်ရက်စေ့ပြီးသည့် ရိုဟင်ဂျာအမျိုးသား ၁၈ ဦးမှ လွဲ၍ ကျန်ရိုဟင်ဂျာ အမျိုးသား ၅၈၄ ဦး၊ အမျိုး သမီး ၂၆၇ ဦး၊ ကလေး ၆၇ ဦးတို့ကို ယနေ့ ဖေဖော် ဝါရီ ၁၆ ရက် နံနက် ၆ နာရီဝန်းကျင်အချိန်မှစ၍ အင်းစိန်အကျဉ်းထောင်မှတစ်ဆင့် စစ်တပ်နှင့်ရဲတပ်ဖွဲ့က ခေါ်ထုတ်သွားခြင်းဖြစ်ကြောင်း PPNM ထံက သိရသည်။
စစ်ကောင်စီလက်အောက်ခံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ဝန်ထမ်း ၅၀ ကျော်သည် ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က အကျဉ်းထောင်အတွင်း လာရောက်၍ အဆိုပါ ရိုဟင်ဂျာ ၉၃၆ ဦးတို့ကို အထောက် အထားကတ်များ ပြုလုပ်ပေးခဲ့ကြောင်းနှင့် မည်သည့်ကတ်အမျိုးအစားများ ဖြစ်သည်ကိုမူ PPNM အနေဖြင့် ဆက်လက်အတည် ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။
အင်းစိန်အကျဉ်းထောင်အတွင်းမှ ခေါ်ထုတ်သွားသည့် ရိုဟင်ဂျာ ၉၃၆ ဦးသည် အင်းစိန်အကျဉ်း ထောင်တစ်ခုထဲမှ မဟုတ်ဘဲ အကျဉ်းထောင်အသီးသီးမှ ဖမ်းဆီးချုပ်နှောင်ထားသည့် ရိုဟင်ဂျာ များဖြစ်ပြီး ပြီးခဲ့သည့် ရက်များအတွင်း အကျဉ်းထောင်အသီးသီးမှနေ၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံထားရသူများဖြစ်ကြောင်း သိရသည်။
အဆိုပါရိုဟင်ဂျာများသည် လွတ်ရက်စေ့ကာလကြာမြင့်နေပြီဖြစ်ပြီး တစ်နှစ်ခွဲကျော်ကြာ အကျဉ်းထောင်တွင် ထပ်မံချုပ်နှောင်ခြင်း ခံထားရကြောင်း သိရသည်။
ခေါ်ထုတ်သွားသည့် ရိုဟင်ဂျာများကို ရှေ့တန်းသို့ ပို့ဆောင်ရန် စီစဉ်ထားသည့်အတွက် ယခုကဲ့သို ခေါ်ထုတ်သွားခြင်းဖြစ်ကြောင်းနှင့် PPNM အနေဖြင့် နောက်ဆက်တွဲ အခြေအနေများကို ဆက်လက် စောင့်ကြည့်သွားရန် အထူးလိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ရက်PPNM က အသိပေးထုတ်ပြန်ထားသည်။
ပုံစာ-မောင်တောတွင် တွေ့ရသည့် ရိုဟင်ဂျာများ (ပုံဟောင်း-၂၀၁၆ )
#ရိုဟင်ဂျာ #၁၀၀၀နီးပါး #အင်းစိန်ထောင် #စစ်တပ် #ရဲ #ခေါ်ထုတ် #စစ်တွေပို့မည် #Ayeyarwaddy_Times