
==========
“မုန့်ဆီကြော် ဘယ်နေမှန်းမသိ နှုတ်ခမ်းနာနှင့် တည့်ပါ့မလား” ဆိုသည့် စကားပုံသာ ပြေးမြင်မိဟု သတင်းသမားများ တုံ့ပြန်
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးနေသည့် စစ်ကောင်စီက ၎င်းတို့ ပြန်လည် ကျင်းပမည်ဟု အမြဲပြောဆိုနေသော မရေရာသေးသည့် ရွေးကောက်ပွဲတွင် မီဒီယာများကို သတင်း ရယူခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း လက်အောက်ခံ သတင်းမီဒီယာကောင်စီမှတစ်ဆင့် ပြောဆို လာသည်။
စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ဥက္ကဋ္ဌသည် နေပြည်တော်တွင် ၎င်းတို့ အသိအမှတ်ပြု၍ ရွေးချယ်ဖွဲ့စည်းထားသော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ကို ယခုရက်ပိုင်း အတွင်း တွေ့ဆုံဆွေးနွေး၍ ထိုသို့ပြောဆိုခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများအရ သိရသည်။
ယင်းသို့ပြောဆိုခြင်းသည် “မုန့်ဆီကြော် ဘယ်နေမှန်းမသိ နှုတ်ခမ်းနာနှင့် တည့်ပါ့မလား” ဆိုသည့် စကားပုံကိုသာ ပြေးမြင်မိသလို ၎င်းတို့အနေဖြင့် အသံလွှင့်ပြနေခြင်းလည်းဖြစ်ကြောင်း လုပ်သက် ၁၈ နှစ်ရှိ ပြည်တွင်းသတင်းသမားတစ်ဦးက ဝေဖန်ထောက်ပြသည်။
“သူ့အပေါ် တစ်ရစ်ထက်တစ်ရစ် ကျလာနေတဲ့ ဖိအားတွေကို ရွေးကောက်ပွဲဆိုတဲ့ဆေးနဲ့ ဝမ်းချ ချပေးနေတာမျိုးပေါ့။ ရွေးကောက်ပွဲ တကယ်ကျင်းပ ပေးဖြစ်တယ်ထားဦး။ အခုအခြေအနေနဲ့က နအဖခေတ်(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ခြေ/ဥ(ဖွဲ့စည်းပုံအခြေခံဥပဒေ) ထောက်ခံပွဲက မဲအတုရဲ့ ရလဒ်တွေလိုပဲ ဖြစ်လာစရာရှိတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတွေ့ဆုံမှုအတွင်း စစ်ကောင်စီခန့် UEC ဥက္ကဋ္ဌ ဦးကိုကိုက ရွေးကောက်ပွဲတွင် သတင်း မီဒီယာများအား သတင်းရယူခွင့်ပြုနိုင်ရေး၊ ယခင်ရှိ သတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲ လမ်းညွှန်စာအုပ်ကို ပိုမိုပြည့်စုံစေရန် ညှိနှိုင်းဆောင်ရွက်ရေး စသည်တို့ကို ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ရွေးကောက်ပွဲ၌လည်း ကော်မရှင်နှင့် သတင်းမီဒီယာတို့ ပူးပေါင်းသွားမည်ဖြစ်ပြီး မီဒီယာများကို ရွေးကောက်ပွဲကာလ သုံးပိုင်းလုံးတွင် စနစ်တကျ သတင်းရယူခွင့် ပြုမည်ဖြစ်၍ တရားမျှတ၊ ဥပဒေနှင့်ညီသော ရွေးကောက်ပွဲ ဖြစ်စေရမည်ဟု စစ်ကောင်စီက ဆိုပြန်သည်။
“ရွေးကောက်ပွဲရဲ့ အနှစ်သာရရဲ့ တရားမျှတမှု၊ လွတ်လပ်မှု၊ မှန်ကန်မှုတွေ ဘယ်လိုနည်းနဲ့မှ ရရှိမှာ မဟုတ်ဘူး။ အဲဒါက မြေကြီးလက်ခတ် မလွဲပါ။ လက်ဝှေ့စကားနဲ့ဆို လုပ်ပွဲပဲ ဖြစ်ဖို့ရှိတယ်။ မကြာသေးခင်က ကောက်သွားတဲ့ သန်းခေါင်စာရင်းလိုပေါ့” ဟု လုပ်သက်ရင့် အမျိုးသား သတင်းသမား တစ်ဦးကလည်း ဧရာ၀တီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီသည် ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောဆိုနေသော်လည်း ရွေးကောက်ပွဲ ဥပဒေများနှင့် အချိန်ကာလကိုမူ ထုတ်ပြန်နိုင်ခြင်း မရှိသေးသလို စစ်ရေး၊ စီးပွားရေးအရ အရေးပါသော နယ်မြေတပ်စခန်းများ လက်လွှတ်နေရပြီး စစ်ရေးခြိမ်းခြောက်မှုများ ကြုံတွေ့ နေရကြောင်း သိရသည်။
ယင်းအပြင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဘတ်ဂျက်ငွေ ဒေါ်လာသန်းချီသုံး၍ ကိုယ်ထူ ကိုယ်ထ ကောက်ယူခဲ့သော ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကိစ္စရပ်တွင်လည်း လတ်တလော ထုတ်ပြန်ထားသော ရှေ့ပြေးလူဦးရေ စာရင်းသည် မှန်ကန်မှုမရှိဘဲ မသမာမှု ရလဒ်မျိုးသာ ထွက်ရှိခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ များအပြင် သတင်းမီဒီယာနှင့် ပြည်သူလူထုတို့ကို မတရားဖမ်းဆီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသဖြင့် မီဒီယာများအား သတင်းလွတ်လပ်ခွင့် ပေးမည်မဟုတ်ကြောင်း ရခိုင်သတင်းသမား တစ်ဦးက ဆိုသည်။
“အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံနဲ့ ပြည်သူကို ကိုယ်စားမပြုတာမို့ ရွေးကောက်ပွဲ လုပ်ခွင့်မရှိသလို၊ လုပ်လည်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ စစ်ကောင်စီ လော်ဘီတွေကလွဲရင် ဘယ်သတင်းသမားကမှ သတင်းရယူခွင့် မရှိပါဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ဆက်လက်ပြောသည်။
ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ-UEC ဥက္ကဋ္ဌ ဦးကိုကို
#စစ်ကောင်စီ #ရွေးကောက်ပွဲကျင်းပရန် #UECဥက္ကဋ္ဌ #သတင်းယူခွင့်ပြု #Ayeyarwaddy_Times