ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဖေဖော်ဝါရီ ၁၅ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ မနက် ၁၀ နာရီကျော်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဝေဘူလမြို့၊ မြို့သစ်စီမံကိန်း၏ ထွေအုပ်ရုံးခန်းတွဲများပျက်စီးသွားကြောင်း သိရသည်။

ဝေဘူလမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးနှစ်လုံကြဲချခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်မှုမရှိကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)ထံက သိရသည်။

” အဲ့ဒီနေရာကတော့ ဝေဘူလမြို့သစ်စီမံကိန်းပါ။ ထွေအုပ်ရုံးနဲ့ ဝန်ထမ်းတွေ နေဖို့ဆောက်ထားတဲ့ဟာတွေရှိတယ်။ ဒါပေမယ့် ဖွင့်ပွဲတွေတော့ မလုပ်ရသေးဘူး။ မြို့သစ်စီမံကိန်းမှာရှိတဲ့ နေရာတွေပေါ့လေ။ ပြည်သူတွေ ထိခိုက်မှုတော့မရှိပါဘူး။ အဲ့ဒီနေရာမှာ ဘယ်သူမှ မရှိတဲ့အတွက် အဆောက်အအုံတွေ ပျက်စီးတာတော့ရှိတယ်” ဟု CNDF၏ ပြောခွင့်ရဆလိုင်းတင်မီက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

၂၀၂၃ ခုနှစ်ကလည်း စစ်ကောင်စီက ဝေဘူလမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့သည်။

အာဏာသိမ်းပြီးနောက် ဝေဘူလမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက တပ်စခန်းကို စွန့်ခွါထွက်ပြေးကြသွားကြသဖြင့် ချင်းကာကွယ်ရေ တပ်ဖွဲ့(CNDF)က ထိန်းချုပ်ထားခြင်း ဖြစ်သည်။

” အခုအခြေအနေကတော့ ကလေး(တောင်ပိုင်း)ဘက်မှာ စစ်ရေးတင်းမာမှုတွေရှိတယ်။ နောက်ပြီးတော့ ချင်းတောင်ဘက်မှာလည်း စစ်ရေးတင်းမှာမှုတွေ ရှိတာပေါ့လေ။ ဒါပေယ့် စစ်ကောင်စီကတော့ ကလေးတောင်ပိုင်းကို အဓိကဦးတည်လာတာပေါ့လေ။ စစ်ကောင်စီကတော့ အပြစ်မဲ့ပြည်သူတွေရှိတဲ့နေရာကို အကုန်လုံးကြဲတာပဲလေ။ ဒီမနက်ပိုင်းမှာလည်း ကလေးတောင်ပိုင်းကို တော်တော်ကြဲနေတာဆိုတော့ တော်လှန်ရေးတပ်တွေရှိတဲ့နေရာလို့ ထင်တဲ့နေရာတွေကို ကြဲတာဖြစ်မှာပါ “ ဟု ဆလိုင်းတင်မီက ဆက်လက်ပြောဆိုသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်က ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီး နေက်ဆုံးကျန်ရှိနေသော ခလရ ၂၆၈ တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ-လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ထွေအုပ်ရုံး။
#ဖလမ်းမြို့နယ် #ဝေဘူလမြို့ #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲတိုက်ခိုက် #Ayeyarwaddy_Times