
မြရာ၊နိုရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်
“စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လက်တွေ့မြေပြင်မှာကို ခွေးနာတစ်ကောင်လို အမြီးကုပ်ပြီး ပတ်ဝန်းကျင်ကို ပြန်ရမ်းနေတဲ့ နည်းဗျူဟာကို သုံးနေတာပါ။ ဒါဟာ ချိုးဖဲ့တဲ့ စကားလုံးမဟုတ်ပါဘူး”
စစ်ခေါင်းဆောင်ရဲ့ ပထမဆုံး အမြီးကုပ်ဗျူဟာကိုမေးပါက ဟိုင်ဂင်သဘောတူညီချက်လို့ပြောရင် မမှားပါဘူး။
ရှမ်းမြောက်တစ်ခုလုံး အရှေ့မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်(ရမခ) ကျလုဆဲအချိန်မှာ တရုတ်ဖိအားနဲ့ မလွတ်ကင်းတဲ့ ညီနောင်မဟာမိတ်အဖွဲ့ကို ဖိအားပေးဖို့ ထုတ်သုံးလိုက်တဲ့ အမြီးကုပ် ဗျူဟာ တစ်ခုပဲဖြစ်ပါတယ်။
အဲ့ဒီ သဘောတူညီချက်တွေအရ နှစ်ဖက်စလုံးက အပစ်ခတ်ရပ်စဲပြီး စစ်တပ်ဘက်ကလည်း မဟာမိတ် တွေသိမ်းထားတဲ့ နယ်မြေတွေအပေါ် ဝင်ရောက်တိုက်ခိုက်မှု မလုပ်ပါဘူးလို့ သဘောတူညီခဲ့ကြပါတယ်။
မဟာမိတ်အဖွဲ့တွေ အပစ်ရပ်ထားချိန်မှာ အမြီးကုပ်ကို ဖြည်ချလိုက်သလို အသက်ရှုချောင်သွားတဲ့ စစ်ကောင်စီဟာ မဟာမိတ်တွေသိမ်းထားတဲ့ စိုးမိုးနယ်မြေတွေအပေါ် ဗုံးကြဲချတိုက်ခိုက်ပြီး ရန်စ ပြန်ပါတယ်။
အဲဒီလိုနဲ့ ဟိုင်ဂင်သဘောတူညီချက်ဟာ ငါးကြိမ်မြောက်ခဲ့ပြီး အာရက္ခတပ်တော် (AA)ဟာ ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းယူဖို့ နီးကပ်လွန်းလာချိန်မှာတော့ စစ်ခေါင်းဆောင်ဟာ တရုတ်အစိုးရထံ အမြီးကုပ်ပြေးပြီး ဟိုင်ဂင်ခြောက်ကြိမ်မြောက်ဖြစ်ဖို့ ဗျူဟာချရပြန်ပါတယ်။
နောက်ဆုံးမှာတော့ သဘောတူညီချက်တွေကို စစ်ခေါင်းဆောင်ဘက်ကပဲ စတင်ချိုးဖောက်ခဲ့ပြီး မဟာမိတ်အဖွဲ့တွေကို အကြမ်းဖက်အဖြစ်တရားဝင် ထုတ်ပြန်ကြေညာလိုက်ရာကနေ စစ်ခေါင်းဆောင် ပြေးတိုင်ရမယ့် ဟိုင်ဂင်သဘောတူညီချက်လည်း ပျက်စီးခဲ့ပါတယ်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်မတော် (MNDAA) က သိမ်းယူပြီးတဲ့အခါမှာတော့ စစ်ကောင်စီဟာ ဟိုင်ဂင်သဘော တူညီမှုအစား တရုတ်လိုလားချက်တွေကို ဖြည့်ဆည်းပေးပြီး MNDAA တပ်များ ရမခအခြေစိုက်ရာ လားရှိုးကနေ ထွက်ခွာသွားပြီး လားရှိုးကိုပြန်ပေးဖို့ဆိုတဲ့ ဖိအားမျိုးပေးဖို့အတွက် တရုတ်အစိုးရကို ချဉ်းကပ်ခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ ကိုးကန့်တပ်မတော် (MNDAA) ဟာလည်း တရုတ်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီ ၁၆ ရက်က စစ်ကောင်စီနှင့် တွေ့ဆုံခဲ့ရပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တည်ရှိရာ လာရှိုးမြို့ကနေ MNDAA တပ်တွေ ဆုတ်ခွာပေးရမယ်လို့ သဘောတူညီကြောင်း သတင်းတွေ ထွက်လာပါတယ်။
ဒါပေမယ့်လည်း MNDAA တပ်တွေဟာ ယနေ့တိုင် ပြန်လည်ဆုတ်ခွာပေးတာမျိုးမရှိဘဲ လားရှိုးမြို့ပေါ်မှာ နွေဦးနှစ်သစ် အားကစားပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိနေပါတယ်။
အခုလည်း TNLA ဟာ စစ်ကောင်စီနဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ တွေ့ဆုံဖို့အတွက် တရုတ်နိုင်ငံ ကူမင်းမြိုကို ရောက်ရှိနေပြီး လက်ရှိစစ်ရေးပြဿနာများ ပြေလည်နိုင်ရန် တွေ့ဆုံခြင်းဖြစ်တယ်လို ဆိုထားပါတယ်။
စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး ပေါ်လာတဲ့ တော်လှန်ရေးတိုက်ပွဲတွေ နယ်မြေစိုးမိုးမှုအရယူကြတဲ့ တိုက်ပွဲတွေမှာ ဖြစ်မြောက်တဲ့ နည်းဗျူဟာ ဘာတစ်ခုမှ ထုတ်မသုံးနိုင်ဘဲ စိုးမိုးနယ်မြေတွေ နောက်ဆုံးပေးရချိန်မှာ တရုတ်ဖိအားကိုပဲ တောက်လျှောက် သုံးလာခဲ့တာပါ။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က အစပြုခဲ့တဲ့ ဟိုင်ဂင် သဘောတူညီချက်ဟာ ယခု ၂၀၂၅ မှာတော့ လုံးဝအဆုံးသတ်သွားပြီး နောက် စစ်ကောင်စီဟာ တရုတ်လိုလား ချက်တွေကို ဂုဏ်သိက္ခာမဲ့စွာ လက်ခံပြီး ကိုယ့်ပြည်သူကို ကိုယ်တိုင် ပြန်ဖိအားပေးတဲ့ လေကြောင်းတိုက်ခိုက်မှု နည်းဗျူဟာတွေ ကိုသုံးပြီး စာသင်ကျောင်း ဆေးရုံနဲ့ အရပ်သားများရှိရာနေရာတွေကို ဗုံးကြဲ လာတာပဲဖြစ်ပါတယ်။
လားရှိုး ရမခအရေး တရုတ်ဖိအားပေးဖို့ ညှိနှိုင်းခဲ့သလို စစ်ခေါင်းဆောင်ဟာ ရခိုင်ပြည်နယ် အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကျသွားချိန်မှာလည်း စစ်ရှုံးတာကိုလက်မခံဘဲ နပခ အသစ်တစ်ခု စစ်တွေမှာတည်ဆောက်ကွပ်ကဲ နေပါတယ်ဆိုပြီး သူ့ရဲ့ တပ်အသိုင်းအဝိုင်းကြားမှာ အသံလွှင့်ထားပြန်ပါတယ်။
စစ်ခေါင်းဆောင်ဟာ AA သိမ်းယူဖို့ကျန်နေတဲ့ မာန်အောင်၊ စစ်တွေ၊ ကျောက် ဖြူစတဲ့ မြို့နယ်တွေ အတွက်လည်း ရေနက်ဆိပ်ကမ်းနဲ့ ဖြားယောင်းပြီး တရုတ်အနေနဲ့ AA ကို ဖိအားပေးဖို့ ကမ်းလှမ်းခဲ့ပြန်ပါတယ်။
ဆက်တိုက်ကြည့်လိုက်မယ်ဆို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူလုပ်ရမယ့် ကာကွယ်ရေး အလုပ်တွေကို မလုပ်ဘဲ ပြည်သူကိုချနင်းပြီး သူနဲ့မဆိုင်တဲ့ အုပ်ချုပ်ရေးကို ရယူခဲ့ပေမယ့် ထိရောက်တဲ့နည်းဗျူဟာတွေ မသုံးနိုင်တာကြောင့် ဘာတစ်ခုကိုမျှ အောင်အောင်မြင်မြင် မလုပ်ဆောင် နိုင်တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ အာဏာသိမ်း လေးနှစ် မြောက်မှာလည်း ကာလုံအစည်းအဝေးခေါ်ပြီး ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ် ကာလုံပါဝင်ရမယ့် ရာထူး ၁၁ နေရာမှာ လစ်လပ်ရာထူးသုံးခုနဲ့ ရာထူးနှစ်ခုကို တက်ယူထားပြီး သူ့သဘောကျ ခန့်အပ်ထားတဲ့သူတွေနဲ့စုပေါင်းပြီး နိုင်ငံ့အာဏာကို ခြောက်လ သက်တမ်းတိုးခဲ့ပြန်ပါတယ်။
တစ်နိုင်ငံလုံး ကွင်းအပြည့်ပတ်ကစားလိုတဲ့ စစ်ခေါင်းဆောင်ဟာ ကချင်နယ်မြေမှာလည်း တရုတ်ကို အားကိုးဖို့ မမေ့ခဲ့ဘဲ ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်ချိန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကိုဖိအားပေးဖို့ တရုတ်အစိုးရကို ကမ်းလှမ်းမှုအချို့နဲ့ အပူကပ်ခဲ့ပါ တယ်။
KIA ဟာ တရုတ်ဖိအားကို မသိကျိုးကျွန်ပြုပြီး နယ်စပ်ဂိတ်တွေကို ကချင်နယ်စပ်မှာ ပိတ်ပစ်ကာ တိုက်ပွဲတွေကို ရှေ့ဆက်ခဲ့တာကြောင့် အဲဒီလို ဖိအားပေး ရပ်တန့်ခိုင်းလို့မရတဲ့အခါ စစ်ခေါင်းဆောင်ဟာ သူ့လက်အောက်ငယ်သားတွေကို ကချင်ထဲ ထိုးစစ်ဆင်စေခဲ့ပါတယ်။
ဒါပေမယ့် သေဆုံးမှုများပြီး တပ်ဆုတ်ဖို့မလွယ်တော့လို့ တပ်ဆုတ်ခွင့် အမိန့်တောင်းခံချိန်မှာ စစ်ခေါင်းဆောင်ရဲ့ လေတပ်က ဗန်းမော်မြို့တွင်းက ၅ မိုင်နဲ့ ၆ မိုင်ကြားမှာ ကိုယ့်ကြည်းတပ်ကိုယ် လေကြောင်းကနေ ဗုံး ကြဲချခဲ့ပါတယ်။
စစ်တိုက်ရာမှာလည်း ကတိသစ္စာမတည်တဲ့ စစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေအတိုင်း သူ့လက်အောက်ခံတပ်မ ဌာနချုပ်တွေ တပ်ရင်း တပ်ဖွဲ့တွေဟာ အလံဖြူထောင်ပြီး ကတုတ်ကျင်းပေါ်ရောက်မှ ပြန်တိုက်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ရတဲ့ အဖြစ်တွေဟာ နယ်မြေတစ်ခုထဲတင် မဟုတ်ပါဘူး။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ “ခြောက်ပစ်ကင်းသဲလဲစင်” ပုံစံမျိုးဖမ်းထားပေမယ့် သူ့ရဲ့တပ်မတော်ဟာ သူလို “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” တဲ့ ဘ၀ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
တရုတ်ဖိအားနဲ့ နယ်မြေပြန်ရဖို့ ကြိုးစားနေရတဲ့ စစ်ခေါင်းဆောင်ဟာ တိုင်းသူ ပြည်သားတွေ အပေါ်ကိုလည်း စစ်မှုထမ်းဥပဒေဆိုတာနဲ့ ခြိမ်းခြောက်ထားပြီး “အာဏာရှိသူဟာ စစ်တပ်ပဲ၊ အာဏာဖီဆန်ခွင့်မရှိသူ ပြည်သူဟာ အာဏာနဲ့အုပ်ချုပ်ထားတဲ့ ဒီတိုင်းပြည်ထဲ စစ်ခေါင်းဆောင်အလိုကျ နေထိုင်နေရမှာဖြစ်တယ်” လို့ သတိပေးခြိမ်းခြောက်ထားပါတယ်။
နိုင်ငံအနှံ့ စစ်မှုထမ်းဥပဒေနဲ့ မဲနှိုက်ရသူတွေ၊ လူစားထိုးခံခဲ့ရသူတွေ၊ ဧည့်စာရင်း အကြောင်းပြ ဖမ်းဆီးခံရတဲ့ လူငယ်တွေ၊ ပေါ်တာဆွဲခံရတဲ့ လူငယ်၊ လူရွယ်တွေရဲ့ သောကနဲ့ အဲဒီလူငယ်တွေရဲ့ မိဘတွေဟာ စစ်မှုထမ်းဥပဒေအောက်မှာ နာလန်မထူနိုင်အောင်ခံစား နေကြရပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်မှုထမ်းဥပဒေဆိုတာ သူ့အမြီးကုပ်ကို ဖြည်ပြီး ပြည်သူကို ပြန်ကိုက်တဲ့ နည်းဗျူဟာတစ်ခုဆိုရင် မမှားပါဘူး။
ပြည်သူကို ပြည်သူနဲ့ပြန်တိုက်ခိုင်းတဲ့ ဒီဥပဒေအောက်မှာ လူငယ်၊ လူရွယ်တွေဟာ နိုင်ငံအတွင်း ပိတ်မိပြီး စစ်ခေါင်းဆောင် ချမှတ်လိုက်တဲ့ နည်းဥပဒေထဲက ပြည်ပထွက်ခွာခွင့် ပိတ်ပင်လိုက်မှုကြောင့် အားလုံးဟာ စစ်ခေါင်းဆောင်ရဲ့ ဆိုးယုတ်မှုအပေါ် တညီတညွတ်တည်း ခံစားလာရတာပဲ ဖြစ်ပါတယ်။
တရားဝင်လူဖမ်းပွဲကြီးနဲ့ ဈေးကွက်ဖြစ်နေတဲ့ လူစားထိုးငွေညှစ်မှုတွေ၊ လေ ယာဉ်ကွင်းမှာ တာဝန်ကျနေတဲ့ စစ်အုပ်စုကို ပြည်ပထွက်ခွာခွင့်အတွက် သိန်းရာချီ လာဘ်ထိုးနေရမှုတွေဟာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စစ်ခေါင်းဆောင်ရဲ့ နည်းဗျူ ဟာအသစ်ပါပဲ။
စစ်ခေါင်းဆောင်ဟာ ပြည်သူကို လည်မြိုညှစ်ထားတဲ့ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ညတွင်း ချင်း အာဏာတည်အသက်သွင်းခဲ့ပြီး ယခု ၂၀၂၅ ဇန်နဝါရီ ၂၃ မှာတော့ စစ်မှုထမ်း နည်းဥပဒေကို ထုတ်ပြန်လာပြီး အမျိုး သမီးတွေကိုပါ စစ်မှုထမ်းဖို့ စာရင်းကောက်ရင်း ပြည်သူတွေရဲ့ မျက်ရည် မတိတ်အောင် ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။
အဲဒီနည်းဥပဒေထုတ်ပြန်ပြီးနောက်မှာ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို စစ်ကြောင်းထိုးပြီး အမျိုးသမီး အမျိုးသား၊ ကျား/မ ဘယ်သူမှမလွတ်စေတော့ဘဲ ရာနဲ့ချီတဲ့ လူအုပ်ကြီးကို ဖမ်းဆီးပြီး ဆိုင်ရာတပ်ရင်း၊ တပ်ခွဲတွေထဲကို ဖမ်းဆီးခေါ်ဆောင်နေကြပါတယ်။
အဆိုးရွားဆုံး လူဖမ်းပွဲလုပ်ခံရတဲ့ မုံရွာမြို့မှာဆိုရင် မြို့ပေါ်ဈေးဆိုင်တွေကိုပင် မဖွင့်ရဲတော့တဲ့အထိ စစ်မှုထမ်း ဥပဒေဟာ ပြည်သူကို အပြင်းအထန်ခြိမ်းခြောက်နေ တာပဲဖြစ်ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်မှုထမ်းဥပဒေဟာ သူ့ရဲ့နောက်ဆုံးဗျူဟာ မဟုတ်သေးဘဲ အဲ့ဒီဥပဒေနဲ့ လူဖမ်းပြီး ပြည်သူကို ပြည်သူချင်း ပြန်သတ်ခိုင်းတဲ့ဗျူဟာကသာ အစစ်အမှန်ဖြစ်နေတာပါ။
ပြည်သူကို ပြည်သူချင်း ပြန်သတ်ခိုင်းတဲ့ မင်းအောင်လှိုင်ရဲ့ ဗျူဟာသည် တရုတ်ကို ပေးကမ်းရတဲ့ အရာမျိုးမလိုသလို စစ်သင်တန်းမပြီးဆုံးခင် လူအင်အားလိုတဲ့အခါ ဖမ်းထားတဲ့ထဲက လူငယ်တွေကို ရှေ့တန်းလွှတ်ပေးလိုက်တာပါပဲ။
စစ်ခေါင်းဆောင်ရဲ့ ခွေးနာအမြီးကုပ်ဗျူဟာတွေရဲ့ အောက်မှာ နိုင်ငံသူ နိုင်ငံ သားတွေတင်မဟုတ်ဘဲ သူ့ရဲ့ လက်အောက်ခံ တပ်ဖွဲ့တပ်သားတွေဟာလည်း ငတ်ပြတ် သေဆုံးပေးခြင်းဖြင့် ပေးဆပ်နေရပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကနေ ကျော် လွန်လာပြီး မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရှုံးနဲ့ရင်ဆိုင်နေရပြီး ပရမ်းပတာ ခံစစ်တွေကြား အသက်တွေတန်ဖိုးမဲ့စွာနဲ့ သူတို့ထောက်ခံတဲ့ အာဏာရှင်လူတစ်စုအတွက် ပေး ဆပ်နေကြရတာ မျက်မြင်ပါပဲ။
အဲ့ဒီအခြေအနေမျိုးမှာတောင် အေးအေး လူလူနေတတ်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲကျင်းပမယ်၊ တိုင်းပြည်အေးချမ်းမှုရှိတဲ့အခြေအနေအထိ အာဏာဆက်သိမ်းပါမယ် စတဲ့ စကားတွေနဲ့ သူ့အမြီးသူကိုက်ပြီး ပတ်ချာလှည့်နေတဲ့ ခွေးတစ်ကောင်လို ပြုမှုနေဦးမှာပါပဲ။
ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည် ဆောက်ရေးအတွက် ဆောင်ရွက်နေတယ်လို့ပြောတဲ့ စစ်ခေါင်းဆောင်ဟာ ရှိသမျှ တိုင်းရင်းသားအားလုံးနဲ့ လက်နက်ကိုင် တိုက်ခိုက်နေပြီး ပြည်မမှာလည်း တိုက်ပွဲက မငြိမ်းပါဘူး။
သူအုပ်ချုပ်တဲ့ လေးနှစ်တာကာလဟာ တိုင်းပြည်အတွက် အမှောင်အမိုက်ဆုံးနဲ့ အစုတ်ပြတ်ဆုံးအခြေ အနေတွေဖြစ်ခဲ့ရပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အရာအားလုံးပျက်သုဉ်းခဲ့ရပါတယ်။ အုပ်ချုပ်ရေးဆိုတာဟာ အာဏာရှိသူတွေရဲ့ ပါးစပ်ကထွက်တဲ့ အမိန့်တစ်ခုနဲ့သာ ရပ်တည်နေတဲ့ အခြေ အနေတစ်ရပ်ဖြစ်လာပါတယ်။
စစ်ခေါင်းဆောင်ဟာ လူတကာအပေါ် လက်ညှိုးထိုး အပစ်ပုံချဖို့လည်း လုပ်ဆောင်ရဲသူတစ်ဦးဖြစ်ပြီး သူအုပ်ချုပ်ခဲ့တဲ့ လက်ထက်မှာ နိုင်ငံဟာ အဖွံ့ဖြိုးအတိုး တက်ဆုံးလို့ အရှက်မရှိပြောထွက်တုန်းပါပဲ။
မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ထုတ်ပြောပြီးသားဖြစ်တဲ့ စစ်ခေါင်းဆောင်အတွက် ချမှတ်သမျှ နည်းဥပဒေတွေ၊ စစ်နည်းဗျူ ဟာတွေဟာ သူကိုယ်တိုင်နဲ့ အာဏာ ကိုဖမ်းဆွဲထားတဲ့ လူတစ်စုကို ကာကွယ်ဖို့အတွက်သာ ဖြစ်နေခဲ့ပါတယ်။
အထိနာလိုက် အမြီးကုပ်သွားလိုက်၊ အကူအညီတွေနဲ့ ပြန်ရောက်လာပြီး ပြည်သူကို ပြန်တိုက်လိုက်နဲ့ အကျင့်တန်သေးသိမ်တဲ့ နည်းဗျူဟာတွေဟာ စစ်ခေါင်းဆောင်မှာ တစ်ပုံတစ်ပင်ရှိနေဆဲပါပဲ။
(ဖော်ပြပါ အကြောင်းအရာသည် ဆောင်းပါရှင်၏ အာဘော်သက်သက်သာ ဖြစ်ပါသည်)
#အမြီးကုပ်ဗျူဟာများစွာ #အသက်ဆက်နေသူ #ဆောင်းပါး #မြရာနိုရာ #Ayeyarwaddy_Times