
(ကလေး)၊ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ သံဖိုကျေးရွာတွင် စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် တစ်လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၄ရက်နေ့၊ ည ၁၀ နာရီဝန်းကျင်တွင် ကလေး – ဂန့်ဂေါ ကားလမ်းပေါ်ရှိ သံဖိုကျေးရွာကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သားများသေဆုံးခဲ့ခြင်းဖြစ်သည်။
“ရွာမှာ တိုက်ပွဲမရှိဘူး။ ကလေးတောင်ပိုင်း ကျေးရွာတွေက စစ်ဘေးရှောင်တွေရှိတယ်။ မနေ့ညက ရွာစာသင်ကျောင်းအနီးတစ်ဝိုက်ကို စစ်တပ်က ဗုံးကြဲသွားတာ။ မြေးအဘိုးတွေ သေဆုံးသွားတယ်။ အဘိုးဖြစ်သူဆို ခေါင်းပြတ်သွားတယ်” ဟု သံဖိုကျေးရွာမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် လေကြောင်း တိုက်ခိုက်ခံရသည့်အတွက် သံဖိုကျေးရွာရှိ အထက်တန်းကျောင်း (ခွဲ) တစ်ဆောင်၊ နေအိမ် ခြောက်လုံးထက်
မနည်းလည်း ဗုံးစထိမှန်၍ ပျက်စီးခဲ့သည်။
သေဆုံးသူသည် အသက် (၈၀) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၎င်းမြေးဖြစ်သူ တစ်လသားအရွယ် ကလေးငယ်တစ်ဦး၊ (၁၆) နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့် အသက် (၂၅) နှစ်
အရွယ် မိန်းခလေး တစ်ဦးတို့ဖြစ်ကြောငါး သိရသည်။
သေဆုံးများ၏ ရုပ်အလောင်းများကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ မနက် ၉ နာရီဝန်းကျင်အချိန်တွင် ရွာသူ/ရွာသားများနှင့် မိသားစုဝင်များက ခရစ်ယာန်ထုံးတမ်းအစဥ်လာဖြင့် သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အလားတူ ကလေး – ဂန့်ဂေါ ကားလမ်းမပေါ်ရှိ ကျော်ရွာကိုလည်း စစ်ကောင်စီတပ်မှ ယမန်နေ့ညတွင် လေကြောင်း တိုက်ခိုက်သည့်အတွက် အရပ်သား ငါးဦးထက်မနည်းသေဆုံးပြီး အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးကြောင်းသိရသည်။
#ကလေးမြို့နယ် #စစ်ကောင်စီ #လေကြောင်း တိုက်ခိုက်သည့်အတွက် #လသားအရွယ် #ကလေးတစ်ဦးအပါအဝင် #၄ ဦးသေဆုံး #Ayeyarwaddy_Times