နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့် (ခ) အွန်လိုင်းလိမ်လည်ဂိုဏ်းများ နှိမ်နင်းသွားရန်အတွက် တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်၍ အဆင့်မြင့်အရာရှိများ အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုသည်။

ယင်းကိစ္စကို စစ်ကောင်စီနှင့် တရုတ်အစိုးရ တာဝန်ရှိသူတို့ နေပြည်တော်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ဆုံရာ၌ ထည့်သွင်းဆွေးနွေးခဲ့ပြီး ထိုသုံးနိုင်ငံအပြင် ၎င်းတို့နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေအရ ထိုင်း-မြန်မာနယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်ဂိုဏ်းများ လျော့နည်းလာနိုင်ပြီး စစ်ကောင်စီကို ဖိအားပေးမှု တရုတ်အစိုးရက ပိုမိုလုပ်နိုင်သလို ထိုးကျွေးရမှုများ ရှိလာနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက ဆိုသည်။

“တကယ်လို့ စောချစ်သူတို့ အနေအထိုင်မတတ်ရင်တော့ ကိုးကန့်က လူတွေရဲ့လမ်း လိုက်ရဖို့တော့ ရှိနိုင်တယ်။ အဲဒီနေရာက နည်းနည်းရှုပ်ထွေးတယ်။ တရုတ်က တိုက်ရိုက်ဖိလို့ မရဘူး၊ ဩဇာသက်ရောက်မှု သိပ်မရှိဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ဆက်လက်ပြောသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားတို့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် စစ်ကောင်စီခန့် ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံ၍ စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများအပြင် ကျားဖြန့်ကိစ္စ စသည်တို့ကို ပူးပေါင်းနှိမ်နင်းရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာတွင် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေး၊ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ယင်းသုံးနိုင်ငံအကြား အဆင့်မြင့်အရာရှိများ အစည်းအဝေး ကျင်းပရေး ဆွေးနွေးခဲ့သော်လည်း ကျင်းပမည့် ရက်ကာလကိုမူ အတိအကျမသိရပေ။

တရုတ်သည် အင်အားကြီး နိုင်ငံဖြစ်သောကြောင့် ကျားဖြန့်ကိစ္စ တိုက်ဖျက်ရန် စိတ်ပိုင်းဖြတ်ထားပုံရပြီး အာဆီယံ နိုင်ငံများကို ဖိအားပေးမှုရှိသလို အမေရိကန်ကလည်း ထိုင်းအစိုးရနှင့် တွေ့ဆုံ၍ ပူးပေါင်းမည် ဆိုထားသဖြင့် အခြေအနေမှာ ပို၍ပိုက်စိတ်တိုက် ဖြစ်လာရန်ရှိသည်ဟု မြန်မာ့အရေး လေ့လာသူတစ်ဦးက ထောက်ပြသည်။

“ထင်ရတာ စစ်ကောင်စီ ဘယ်အခန်းကဏ္ဍက ပါဝင်နိုင်မလဲဆိုတာ သိချင်ပုံရတယ်။ စစ်ကောင်စီကလည်း ပူးပေါင်းပါမယ်တော့ ကတိပြုပြီးသား။ ထိုးကျွေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် BGF/ DKBA တွေကို ကိုင်တွယ်မှုက ကိုးကန့်မိသားစုတွေလို မဖြစ်နိုင်ဘူး“ ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်ကလည်း စစ်ကောင်စီခန့် ဥပဒေရေးရာဝန်ကြီးနှင့် တွေဆုံ၍ ကျားဖြန့်အပါအဝင် နှစ်နိုင်ငံဥပဒေ ရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ဆောင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ

#ကျားဖြန့်နှိမ်နင်းရန် #စစ်ကောင်စီပါဝင် #တရုတ်မြန်မာထိုင်း #အဆင့်မြင့်အရာရှိများ #အစည်းအဝေး #Ayeyarwaddy_Times