ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအကြောင်းပြ၍ လစဉ်ငွေတောင်းယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ဖန်ခါးကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးနှင့်အဖွဲ့သည် ပြည်သူ့စစ်မှုထမ်းအတွက် မြို့နယ်ကို ငွေသိန်းရာချီ၍ ပေးသွင်းရမည်ဟုပြောဆိုပြီး နေအိမ်များအားလုံးကို ငွေတောင်းယူနေကာ လစဉ် ငွေသိန်းရာချီ၍ ရရှိနေကြောင်းဒေသခံများထံက သိရသည်။

“စစ်မှုထမ်းအကြောင်းပြပီး တစ်လထက်တစ်လ ငွေကို ပိုတိုးတိုးပြီးတောင်းလာတယ်။ အုပ်စုက အိမ်ခြေအရမ်းများတော့ တစ်လတစ်လ ငွေအရမ်းရတယ်။ လောင်းကစားဝိုင်းတွေလည်း လုပ်တယ်”ဟု ဖန်ခါးကွင်းကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အိမ်ထောင်စု တစ်စုလျှင် ၆၀,၀၀၀ ကျပ် ဝန်းကျင် ပေးဆောင်ရပြီး ဖန်ခါးကွင်းကျေးရွာအုပ်စုအတွင်း နေအိမ်ပေါင်းထောင်ကျော်ရှိသည့်အတွက် လစဉ်သိန်းရာချီ၍ ရရှိနေပြီး မိမိကိုယ်ကျိုးအတွက် အသုံးပြု နေကြောင်း ဒေသခံများကပြောဆိုသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းထောက်ပံ့ရန်အတွက်ဟု အကြောင်းပြ၍ စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးသည် နယ်မြေပိုင် ရဲတပ်သားများနှင့်ပူးပေါင်းကာ ၎င်း၏ ခြံဝန်းအတွင်း၌ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ နှစ်လုံးစသည့် လောင်းကစားများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

အလားတူ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာတွင်လည်း စစ်ကောင်စီခန်အုပ်ချုပ်ရေးမှူးနှင့် တိုက်နယ် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်း ငှားရမ်းရန်အတွက်ဟု အကြောင်းပြကာ လောင်းကစား ဝိုင်းများပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

#ဓနုဖြူ #ကျေးရွာအုပ်ချုပ်ရေးမှူး #ပြည်သူ့စစ်မှုထမ်း #အကြောင်းပြ #လစဉ်ငွေတောင်းယူမှုများပြုလုပ် #Ayeyarwaddy_Times