ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

ဝင်ငွေနည်းပြည်သူများအတွက် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆောက်လုပ်ပြီးစီးသောရိုးမရိပ်သာတန်ဖိုးနည်း အိမ်ရာတိုက်ခန်းများကို ရောင်းချမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံက သိရသည်။

ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး မြေညီထပ် ( Yangon City Gallery) တွင် ဖေဖော်ဝါရီ ၁၃ မှ ၂၁ ရက်အတွင်း လျှောက်လွှာတစ်စောင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်၍ ကိုယ်တိုင်ဝယ်ယူရမည်ဖြစ်ကာကိုယ်စားဝယ်ယူခွင့်မရှိကြောင်းသိရသည်။

အဆိုပါလျှောက်လွှာကို အသက် ၁၈ ပြည့်ပြီးသူ မြန်မာနိုင်ငံသား၊ မိသားစုဝင်ငွေနည်းပါး၍ နေထိုင်ရေး အခက်အခဲရှိသူများလျှောက်ထားနိုင်ကာ မိသားစုတစ်စုလျှင် တစ်စောင်သာလျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများသည် အလွှာလိုက်ဈေးနှုန်းကွာခြားကာ ကျပ် ၁၂၅ သိန်းမှ ၃၂၀ ကျော် အထိတန်ဖိုးသတ်မှတ်ထားပြီး တိုက်ခန်းတန်ဖိုးအကြေပေးသွင်းခြင်း ( သို့မဟုတ်) သုံးလ အတွင်း အရစ်ကျပေးနိုင်သူဖြစ်ရမည်ဟုသတ်မှတ်ထားသည်။

လက်ရှိတွင် တိုင်းနှင့် ပြည်နယ်အများအပြားတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားခြင်း၊ စစ်ကောင်စီကလေယာဉ်ဖြင့် ဗုံးကြဲမှုများပြုလုပ်နေခြင်းတို့ကြောင့် စစ်ဘေး ရှောင်ပြည်သူများမှာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့အခြေချလာသဖြင့် လူနေထူထပ်မှုများ ပြားလာကာ လူနေတိုက်ခန်း လိုအပ်များပြားနေကြောင်း အိမ်အငှားဝန်ဆောင်မှု ပေးသူများထံက သိရသည်။

“ အဲဒီလိုအိမ်ရာတွေ များများရောင်းပေးနိုင်ရင် ကောင်းမယ်။ အခုဆို တိုက်ခန်းတစ်ခန်းငှားပြီးရင် အခန်းလွတ် ပြန်မထွက်တော့ဘူး။ နောက်တစ်ခါပြန်ရှာဖို့ခက်လို့။ နယ်က ပြောင်းလာတဲ့သူတွေ များ တော့ ဈေးတက်လည်း ပေးကြတာပဲ။ လေးလွှာခန်းကို တစ်လငှားခ ကျပ်လေးသိန်းဖြစ်နေပြီ။ ဒါပေမယ့် အဲ့ဒါတွေ(အိမ်ရာတွေ)က မဲနှိုက်ရအုံးမှာဆိုတော့ ကံစမ်းမဲပေါက်မှရမယ်ဆိုတော့ မသေချာဘူး” ဟု ရန်ကုန်တွင် အိမ်အငှားဝန်ဆောင်မှု ပေးနေသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီရောင်းချမည့် ရိုးမရိပ်သာတန်ဖိုးအိမ်ရာဝယ်ယူခွင့်လျှောက်လွှာကိုဖြည့်စွက်ပြီး ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၅ ရက်အတွင်းပြည်လည်တင်ပြရမည်ဖြစ်ပြီး ကံစမ်းမဲနှိုက်ရမည့် နေ့ရက်ကိုထပ်မံ ထုတ်ပြန်မည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံက သိရသည်။

“တန်ဖိုးနည်းအိမ်ရာတွေရော အငှားအိမ်ရာတွေရော ပိုက်ဆံရှိတဲ့သူတွေပါ လျှောက်ကြတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးထောက်ခံစာပါရင်ရတော့။ တချို့အိမ်ပိုင်တဲ့သူတွေ မဲပေါက်တာရှိတယ်။ ဌာနက သေချာလိုက် မစစ်တော့ ပိုက် ဆံရှိသူ အိမ်ရှိသူတွေပါ ပေါက်တယ်။ အငှားအိမ်ရာမှာ ပြန်ရောင်းတာတွေရှိတယ် ” ဟု သုခဒဂုံအိမ်ရာနေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့အငြိမ်းစားဝန်ထမ်းများ အများပြည်သူများ နေထိုင် နိုင်ရေးအတွက် သက်သာသောအိမ်ခန်းငှားရမ်းခနှုန်းထား သုခဒဂုံပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ အိမ်ခန်းပေါင်း ၂၃၀၀၀ ကျော် ငှားရမ်းနေထိုင်ခွင့်ပြုထားကြောင်းသိရသည်။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် Transporation Square စီမံကိန်း၊ Green City စီမံကိန်း၊ ရိုးမရိပ်သာရိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) တွင် သုခဂုံပြည်သူ့အငှားအိမ်ရာ စီမံကိန်း အပါအဝင် အောင်မြင့်မိုရ်အိမ်ရာစီမံကိန်းများအကောင် အထည်ဖော်နေကြောင်း စစ်ကောင်စီ ၏ ဆောက်လုပ်ရေး ဝန်ကြီးဌာနထံက သိရသည်။

ပြီးခဲ့သည့်အစိုးရအဆက်ဆက်တွင် တန်ဖိုးနည်းအိမ်ရာများရောင်းချရာတွင် ဝင်ငွေနည်းပြည်သူများကို အဓိကဦးတည်သော်လည်း ကနဦးပေးသွင်းငွေအပါအဝင် သတ်မှတ်တိုက်ခန်းဈေးနှုန်းမြင့်မား၍ ဝယ်ယူရန်လျှောက်ထားနိုင်သူမရှိဘဲ ငွေကြေးတတ်နိုင်သူများကသာ ဝယ်ယူကြသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#တန်ဖိုးနည်းအိမ်ရာ #ရိုးမရိပ်သာ #ဒဂုံဆိပ်ကမ်းမြို့နယ် #လျှောက်လွှာဝယ်ယူနိုင် #Ayeyarwaddy_Times