ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

အာဏာသိမ်း စစ်ကောင်စီသည် ယခုလ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံ ဒေသအသီးသီးရှိ တော်လှန်ရေးနယ်မြေများရှိ ဆေးရုံ၊ စာသင်ကျောင်း နှင့် ဘာသာရေးအဆောက်အဦ စသည် တို့ကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက် နှင့် ၁၄ ရက်နေ့များ တွင် ဒီးမော့ဆို၊ ကျိုက်ထို၊ ဘီးလင်း၊ မုံရွာ၊ ချောင်းဦး၊ ညောင်ဦး၊ ကျိန္တလိ၊ ကလေး စသည့် မြို့နယ်များရှိ ဆေရုံ၊ စာသင်ကျောင်း နှင့် ဒေသခံများ နေထိုင်ရာ နေအိမ်တို့ကို ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကလေးမြို့နယ်၊ နတ်ချောင်းရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ရှိ ဆေရုံတစ်ရုံကို ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဆေးရုံတစ်ခုလုံး ပြိုကျပျက်စီးခဲ့ရပြီး လူနာ နှင့် ဒေသခံများမှာမူ ကြိုတင်ရွှေ့ပြောင်းထားနိုင်သည့်အတွက် ထိခိုက်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တောင်ပိုင်းမှာစစ်ရေးလှုပ်ရှားမှုကိုသတင်းပေးသူရှိလို့ ဗုံးပိုကြဲတာထင်တယ်။ အထူးသဖြင့် သတင်းပေးသူတွေရှိလို့ရယ်။ ဒီရက်ပိုက်တွင်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်က ကျေးရွာ ၁၀ ရွာလောက်က လူဦးရေ သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကိုရှောင်တိမ်းနေရပါတယ်။ အရပ်သားတွေလည်း ၂၀ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရတယ်” ဟု ကလေးမြို့ဒေသခံ တော်လှန်ရေးနှင့် နီးစပ်သူချင်းအမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကလေးမြို့နယ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစမှူး အောင်နိုင်ဦး ပြောင်းရွှေ့သွား ပြီးနောက် ဒကစမှူးအသစ်ဖြစ်သူအောင်ကျော်ဆိုင် တာဝန်ကျသည့် အချိန်မှစတင်ကာ စစ်ကောင်စီသည် ယခုကဲ့သို့ စစ်ရေးဧရိယာ မဟုတ်သည့် အရပ်သားများ နေထိုင်ရာ ကျေးရွာများနှင့် ဆေးရုံများကိုပါ နေ့စဥ် လေကြောင်းဖြင့်ဗုံးကြဲမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

အလားတူ စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တစ်နေရာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဆေးရုံ နှင့် စာသင် ကျောင်းဆောင်များအပါအဝင် နေအိမ် အချို့ ပျက်စီးခဲ့ရကြောင်း Karenni Human Rights Group ထံကသိရသည်။

“အခုဗုံးကြဲတာတွေက တော်လှန်ရေးတပ်ဖွဲ့တွေရှိလို့ ဗုံးကြဲတာမဟုတ်ဘူး။ မရှိမှန်းသိတယ်။ သက်သက်မဲ့ ကြဲတာပေါ့နော်။ တစ်သက်လုံး စစ်တပ်ကလုပ်တဲ့ပုံစံကို ကြည့်မယ်ဆိုလို့ရှိရင် လူတွေကို အကြောက်တရားနဲ့အုပ်ချုပ်တယ်။ ပညာမဲ့အောင်လုပ်ပြီး အုပ်ချုပ်တယ်ပေါ့နော်။ စစ်ကောင်စီက ရန်သူ မိတ်ဆွေဆိုတဲ့ စိတ်ဓာတ်မရှိတော့ဘူး။ အထူးသဖြင့်ပြည်သူလူထုအပေါ်မှာ စိတ်ကောင်းစေတနာ မရှိတာကတော့ အားလုံးလဲသိပြီးသားဖြစ်တယ်‌ပေါ့နော်။ ကျွန်တော်တို့ ထိန်းချုပ်တဲ့ဒေသမှာရှိတဲ့ နေရာအားလုံးကို ရန်သူလို့သတ်မှတ်ပြီး ဗုံးကြဲတာမျိုးဖြစ်တယ်လို့ပဲ မြင်ပါတယ်” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ် ‌‌‌‌‌‌‌‌‌‌‌‌‌‌ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန် အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အဆိုပါ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်ပင် မွန်ပြည်နယ်၊ သထုံခရိုင်နေရာအနှံ့အပြားသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုးများ၊ ခရစ်ယာန်ဘုရားကျောင်း နှင့် ဒေသခံ နေအိမ်အချို့ပျက်စီးခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် သုံး ဦး ကျဆုံးခဲ့ရ ကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သည့် ညောင်ဦးမြို့နယ်ပုဂံဒေသကိုပါ ပထမဦးဆုံးအကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းရှိ ချောင်းဦးမြို့နယ် နှင့် မုံရွာမြို့နယ်တို့ရှိ ကေျးရွာများကိုလည်း ဖေဖော်ဝါရီ ၁၂ ရက် နှင့် ၁၃ ရက် နေ့ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် များအပါအဝင် ဒေသခံ ၁၁ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများကြောင့် အာဏာသိမ်း လေးနှစ်တာ ကာလအတွင်း အရပ်သား စုစုပေါင်း ၂၂၂၄ ဦး သေဆုံးခဲ့ရပြီး ဘာသာရေးအဆောက်အအုံ ၃၀၂ ခု၊ စာသင်ကျာင်း ၁၇၄ ကျောင်း နှင့် ဆေးရုံ ၆၂ ရုံ ပျက်စီးခဲ့ရ ကြောင်းလည်း ဉာဏ်လင်းသစ် သုတေသန အဖွဲ့အစည်းထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ဆေးရုံ #စာသင်ကျောင်း #ဘာသာရေးအဆောက်အအုံ #ပျက်စီး #Ayeyarwaddy_Times