
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်
ဧရာ၀တီတိုင်း၊ ကျောင်းကုန်းမြို့ပေါ်တွင် စစ်ကောင်စီက ဘန်ကာများတည်ဆောက်ထားပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း သိရှိရသည်။
ယခင်က ကျောင်းကုန်းမြို့မရဲစခန်းတွင်သာ ဘန်ကာတည်ဆောက်ထားသော်လည်း ယခုတွင် မြို့တွင်းရှိ အထက(၂)၊အထက(၃)တို့၏ ရှေ့နှင့် မြို့အထွက်၊ ကံကလေးလမ်း၊ ကျောင်းကုန်း-အိမ်မဲကားလမ်းပေါ်တို့တွင် အမိုးပါဘန်ကာ စုစုပေါင်း ခြောက်လုံး ဆောက်လုပ်ထားကြောင်း သိရသည်။
“ကျောင်းကုန်းမှာ ဒီရက်ပိုင်း အစစ်အဆေးလည်းကြမ်းနေတယ်။ မြို့ကပန်းခြံအနောက်ဘက်မှာလဲ စစ်တပ်ကတပ်စွဲထားတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဘန်ကာများတွင် စစ်ကောင်စီတပ်၊ ရဲ၊ နှင့်ပြည်သူ့စစ်များက နေ့ပိုင်းနှင့်ညပိုင်းအချိန်ခွဲ၍ ကင်းစောင့်ကာ မြို့အ၀င်တိုးဂိတ်တွင် စစ်ဆေးမှုများတင်းကြပ်နေပြီး ကားလမ်းတစ်လျှောက်တွင် ကင်းပုန်း၀ပ်ခြင်းများပြုလုပ်နေကြောင်းလည်း သိရသည်။
#ကျောင်းကုန်းမြို့ #စစ်ကောင်စီ #ဘန်ကာများတည်ဆောက် #လုံခြုံရေးတင်းကြပ် #Ayeyarwaddy_Times