ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

တရုတ်နိုင်ငံ၏စီစဉ်မှုကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကိုယ်စားလှယ်များသည် စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန်အတွက် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ သို့ ရောက်ရှိနေပြီးဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။

TNLA ကိုယ်စားလှယ်အဖွဲကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ကိုး ဦးတက်ရောက်မည်ဖြစ်ပြီး၊ စစ်ကောင်စီ ကိုယ်စားလှယ်အဖြစ် ကိုးကန့်တပ်မတော် (MNDAA) ကို တွေ့ဆုံဆွေးနွေးခဲ့သူ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။

TNLA သည် စစ်ကောင်စီနှင့် လာမည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ စတင်၍ တွေ့ဆုံဆွေးနွေးမှုများစတင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း TNLA က ဆိုထားသည်။

ကိုးကန့်တပ်မတော် (MNDAA) သည်လည်း တရုတ်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းမှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က စစ်ကောင်စီနှင့် ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ရသည်။

ထိုသို့တွေ့ဆုံရာတွင် MNDAA အနေဖြင့် ညီနောင်မဟာမိတ်အဖွဲ့များသိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တည်ရှိရာ လာရှိုးမြို့မှ ဆုတ်ခွာပေးရမည်ဟု သဘောတူညီခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ယနေ့တိုင် ပြန်လည်ဆုတ်ခွာပေးခြင်းမရှိဘဲ လားရှိုးမြို့ပေါ်တွင် ယွမ်ရှောက်ပွဲတော်နှင့် နွေဦးနှစ်သစ် အားကစားပွဲများ ကျင်းပလျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီး စစ်ကောင်စီကို မရှုမလှ အထိနာစေခဲ့သည့် မြောက်ပိုင်းညီနောင် မဟာမိတ်များဖြစ်ကြသည် ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာရက္ခတပ်တော်(AA) တို့အနက် MNDAA နှင့် TNLA တို့သည် တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနှင့် တွေ့ဆုံလာရပြီဖြစ်သည်။

ဓာတ်ပုံ-TNLA
#စစ်ကောင်စီ #TNLA #တွေ့ဆုံ #ကူမင်းမြိုရောက်ရှိ #တွေ့ဆုံဆွေးနွေးမှုများ #စတင်မည် #Ayeyarwaddy_Times