ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ ကမ်းနားလမ်းပေါ်တွင် လာရောက်ထိုင်ကြသောလူငယ်များကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

“ညဘက်ကြီး လှည့်ကင်းလှည့်တဲ့ကားတွေနဲ့ရောက်လာပြီး ကျောက်ငူကမ်းနား အုတ်ရိုးတစ်လျှောက် ထိုင်နေကြတဲ့ ကောင်လေးတွေရော ၊ ကောင်မလေးတွေရော အကုန်ဆွဲတင်သွားတာ မြင်ရတယ်”ဟု ကမ်းနားလမ်းတွင် ဆိုင်ကယ်ကယ်ရီပြေးဆွဲသူ ​တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါကမ်းနားလမ်းအုတ်ရိုးများတွင်ညပိုင်း အလုပ်ပြန်လာသူများ၊ ဂစ်တာတီးသူများနှင့် အရက်ဝိုင်းဖွဲ့သောက်သူများ နေ့စဉ်ရှိကြောင်း သိရသည်။

“အုတ်ရိုးတွေမှာ အရက်ဝိုင်းသောက်လို့ ဖမ်းတာအကြိမ်ကြိမ်မကတော့ဘူး။ လူငယ်တွေကလည်းအမှတ်မရှိကြဘူး၊ မိဘတွေပဲ ရဲစခန်းလိုက်ရှာရနဲ့ ဒုက္ခရောက်ကြရတာ”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသူ လူငယ် ၃၅ ဦးခန့်ရှိပြီး စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခြင်း ခံရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဧရာ၀တီတိုင်မ်းသတင်းဌာနအနေနှင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပုသိမ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအချို့တွင် ဖေဖော်ဝါရီလ အစပိုင်းတွင် လူငယ်အချို့ကို နေအိမ်များတွင် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန်ခေါ်ဆောင်ခံရပြီးနောက်
ယခုကဲ့သို့ လူငယ်များ စုဝေးတတ်သည့်နေရာမျိုးတွင် လာရောက်ဖမ်းဆီးသည့်အတွက် စစ်မှုထမ်းရန် ပေါ်တာဆွဲသည်ဟု မြို့ခံများမှ သုံးသပ်နေကြကြောင်း သိရသည်။

#ပုသိမ်မြို့ #ကမ်းနားလမ်း #လူငယ်အချို့ #ဖမ်းဆီးခံရ
#Ayeyarwaddy_Times