
(မတူပီ)၊ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရွာမှန်းကျေးရွာတွင် နယ်မြေအငြင်းပွားမှုကြောင့် ချင်းကာကွယ်ရေးတပ်(လောက်တူ) နှင့် မရာလဲန်းကာကွယ်ရေးတပ် (MDF) တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံက သိရှိရသည်။
CDF-Lautu တပ်စွဲထားသည့် ရွာမှန်းရွာတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်တွင် MDF နှင့် Lautu တို့ တိုက်ပွဲပြန်လည်ပြင်းထန်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက အရင်ဖြစ်နေကျ တိုက်ပွဲမျိုးမဟုတ်ဘဲ နှစ်ဖက်စလုံးက လူအင်အား၊ လက်နက်အင်အားအများကြီးသုံးပြီး တိုက်ပွဲဖြစ်တာကြောင့် ပြင်းထန်နေတဲ့အခြေအနေမျိုးပါ” ဟု စစ်ရေးအခြေအနေသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ က ရွာမှန်းရွာတွင်ဖြစ်ပွားသည့် တိုက်ပွဲသည် လွယ်လွယ်ဖြင့်ငြိမ်နိုင်မည်မဟုတ်သည့်အတွက် CC လူကြီး နှင့် လောက်တူ (ချင်း) လူကြီး တို့အနေဖြင့် အခြေအနေကို စဥ်းစားပြီး သုံးသပ်သင့်ကြောင်း MDF တာဝန်ရှိသူက တိုက်တွန်းထားသည်။
“အခုတိုက်ပွဲဖြစ်တဲ့ထဲမှာ CDF Lautu တစ်ခုတည်းမဟုတ်တော့ပဲ CNA လည်းပါတယ်။ CC ရဲ့တပ်ပေါင်းစုလည်းပါတယ်။ CDF မရာလည်းပါတယ်။ အဲလိုပါတဲ့အခါကျတော့ ကျွန်တော်တို့က အရမ်းဝမ်းနည်းတာပေါ့။ ဒီဟာနဲ့ပတ်သတ်ပြီးမှ CC သော်လည်းကောင်း CDFလောက်တူ သော်လည်းကောင်း သူတို့က စဉ်းစားပြီးမှ လုပ်တဲ့ဟာလား။ တပ်ဖက်ဆိုင်ရာ လူကြီးတွေရဲ့ဆုံးဖြတ်ချက်ပဲလား။ တကယ်လို့ လူကြီးတွေရဲ့သိရဲ့သားနဲ့လုပ်တဲ့ဟာဖြစ်မယ်ဆိုရင်ရင် ဒီတိုက်ပွဲက လူမျိုးရေးဘက်ကူးတော့မယ်ထင်ပါတယ်” ဟု MDF/MTC တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
CC နှင့် CNA အနေဖြင့် MDF ဖြစ်သည့်အတွက် CDF-Lautu ဘက်မှ စစ်ရေးပူးပေါင်းပါဝင် တိုက်ခိုက်ပေးခြင်းမဟုတ်ဘဲ CC စစ်ရေးအနေဖြင့် တိုက်ပွဲဖော်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင့် CNA ပြောခွင့်ရ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
CDF-Lautu နှင့် MDF တို့ ပြဿနာသည် နယ်မြေပြဿနာပုံစံမျိုး တစ်ခုမဟုတ်ပဲ နယ်မြေပြဿနာထက်ပိုနက်ရှိုင်းသည့် မျိုးနွယ်စုအချင်းချင်းကြားဖြစ်ပွားသည့် ပြဿနာအသွင်ဆောင်သွားမည်ကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သတိပြုစေချင်ကြောင့် ချင်းနိုင်ငံရေးစောင့်ကြည့်သူ ဆလိုင်းဒိုခါရ်က ဆိုသည်။
“ဒီဖြစ်စဉ်တွေက ပြောရမယ်ဆိုရင် အရင်က CC နဲ့ICNCC ဆိုပြီး နိုင်ငံရေးနှစ်ခြမ်းဖြစ်လာပြီးတဲ့နောက်ဆက်တွဲပြဿာနာလို့တော့ ကျွန်တော်တော့မြင်တယ်။ ဒါပေမယ့် အခုနောက်ဆက်တွဲပြဿာနာက ချင်းလူမျိုးတွေ ကိုယ်စားပြုတဲ့နိုင်ငံအင်းအားစုရဲ့နိုင်ငံရေး ပြဿာနာထက်နက်ရှိုင်းသွားပြီးတော့မှ မျိုးနွယ်စုအချင်းချင်းကြား ဦးတည်တဲ့ နိုင်ငံရေးပြဿနာဖြစ်ပွားတယ်လို့ မြင်တယ်။ ဒါမျိုးနွယ်စုအကြားပြဿနာဖြစ်သွားပြီဆိုရင်တော့ ဒါချင်းအရေးက အင်မတန်ဖြေရှင်းရခက်တော့မယ့် အနေအထားဘက်ကို ဦးတည်တဲ့သဘောဘက်ကို ဦးတည်တယ်။ ကိုင်တွယ်ပုံမှားရင်တော့ လူမျိုးစုအချင်းချင်းကြား ပိုပြီးပြဿနာတွေကြီးလာနိုင်တယ်” ဟု ချင်းနိုင်ငံရေးစောင့်ကြည့်သူ ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွာမှန်းရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်ကတည်းက MDF နှင့် CDF-Lautu တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲအတွင်း နှစ်ဖက်ရဲဘော်များ ကျဆုံးမှုရှိခဲ့ပြီး ရွာမှန်းကျေးရွာရှိ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် အရပ်သား နေအိမ်များလည်း ဒရုန်းနှင့် လက်နက်ကြီးကျည်များကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရသည်။
CDF-Lautu သည် ချင်းပြည်အစိုးရ (CC) အဖွဲ့ဝင်ဖြစ်ပြီး MDF သည် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည်။
#နယ်မြေအငြင်းပွါးမှု #CDF-Lautu #MDF #တိုက်ပွဲပြင်းထန် #ချင်းပြည်အစိုးရ #CC #ချင်းညီနောင် #CB
#Ayeyarwaddy_Times