ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ဗီဇာကုန်ဆုံးသည့် နိုင်ငံခြားသား အလုပ်သမားများကို လာမည့် ခြောက်လအထိ ဆက်လက်ကာ ယာယီအလုပ်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေး ဝန်ကြီး ဌာနက ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံခြားသားအလုပ်သမားများတွင် ထိုင်းနိုင်ငံအတွင်းလာရောက်အလုပ်လုပ်ကိုင် နေသည့် မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ် စသည့် နိုင်ငံသားများ အနေဖြင့် လာမည့် ဩဂုတ် ၁၃ ရက်နေ့အထိ အလုပ်ရှင်မှ ခွင့်ပြုချက်ဖြင့် ဆက်လက်၍ ယာယီအလုပ်လုပ်ကိုင်ခွင့် ပေးထားခြင်းဖြစ်သည်။

သက်တမ်းကုန်ဆုံးသော်လည်း ထိုသို့ အလုပ်လုပ်ကိုင်ခွင့်နှင့် ဆက်လက် နေထိုင်ခွင့်ပေးခြင်း ခံရသူ များမှာ ဆက်လက်၍ ဗီဇာသက်တမ်းတိုးရန် နာမည်စာရင်း ပေးသွင်းထားပြီးသည့် လူဟောင်းများ သာအကျုံးဝင်ကြောင်းလည်း သိရသည်။

“ထိုင်းနိုင်ငံကို ကျေးဇူးတင်ရမှာပါ။ ဒါသူတို့အနေနဲ့ လွှတ်လို့ရသလောက် လွှတ်ထားပေးတယ်။ လက်ရှိ မြန်မာကိုမပြန်ချင်တဲ့ အလုပ်သမားတွေ၊ ပြန်ရမှာ ကြောက်နေတဲ့ အလုပ်သမားတွေကို ကိုယ်ချင်း စာသောအားဖြင့် ခြောက်လတိုးပေးတာ။ ထိုင်းဘက်က သက်တမ်းတိုးတဲ့ကိစ္စကို ချက်ခြင်းလုပ် ချင်တယ်။ မြန်မာဘက်က အလုပ်သမားတွေ မြန်မာပြန်လာအောင်ရတဲ့နည်းနဲ့ လုပ်ချင်လို့ အချိန်ဆွဲပြီး သက်တမ်းတိုးခွင့်မပြုတဲ့အတွက် ထိုင်းကခြောက်လအချိန်ဆွဲထားပေးတာ” ဟု အေအေစီ ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုင်းနိုင်ငံတွင် MOU အပါဝင် လေးနှစ်နှင့်အထက် သက်တမ်းရှိသည့် အလုပ်ဗီဇာသမားများအနေဖြင့် မိမိနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ရန် သဘောတူညီမှုများထားရှိထားပြီး ယခုအခါ မြန်မာအာဏာသိမ်း အစိုးရမှ အလုပ်သမားများပြည်တွင်းသို့ပြန်ဝင်လာရန်၊ အခွန်‌ကောက်ခံရန်၊ ကိုယ်ရေးအချက် အလက်များ ပေးရန် စသည်ဖြင့်ဖိအားပေးနေပြီး ၎င်းတို့မှ သက်တမ်းတိုးခွင့်မပြုသည့်အတွက် ထိုင်းအစိုးရမှ ခြောက်လအထိ ယာယီအလုပ်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

“မြန်မာအစိုးရကြောင့်ပါပဲ။ မြန်မာဘက်ကလူကြီးတွေဘယ်လိုစီစဉ် နေကြလဲမသိဘူး။ ထိုင်းဘက် ကတော့ အဆင်သင့်ဖြစ်နေပြီ” ဟု အလုပ်ဗီဇာသက်တမ်းတိုးကိစ္စနှင့် ပတ်သတ်ပြီး ချင်မိုင်းမြို့တွင် နေထိုင်သည်မှာ ၁၀ စုနှစ် တစ်စုကျော်ကြာနေပြီဖြစ်သည့် မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုအချိန်တွင် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ဗီဇာ သက်တမ်းကုန်ပြီဖြစ်သည့်အတွက် ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းတို့ကိုမူ ပြုလုပ်၍ ရမည်မဟုတ်ဘဲ ဘဏ်ငွေသွင်း၊ ငွေထုတ်ခြင်း ကိစ္စရပ်များတွင်လည် ငွေကြေးအနည်း၊ အများအပေါ် သတိထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နယ်ကျော်ခရီးထွက်ရာတွင်လည်း သက်ဆိုင်ရာ ရဲစခန်းထောက်ခံစာ စသည့်ဖြင့်တောင်းရန် လိုအပ်ပြီး နိုင်ငံပြင်ပထွက်ခွာရန်လည်း ခက်ခဲပြီး ပြန်ဝင်ခွင့်လည်း ရရှိနိုင်မည်မဟုတ်ကြောင်း သိရသည်။

“ကျွန်‌တော် သတိပေးချင်တာက မြန်မာနိုင်ငံသား တွေအနေနဲ့ ဒီခြောက်လသက်တမ်းတိုး ပေးထားတယ် ဆိုပေမဲ့ ကိုယ်ကဗီဇာကုန်သွားပြီ။ Work Permit လဲကုန်ပြီ။ အထောက်အထားမဲ့ ဖြစ်သွားပြီ။ အပေါ်မှာ ဘယ်လောက်ပဲစာထုတ်ထား ထုတ်ထား အောက်ခြေမှာ ငွေညှစ်ချင်တဲ့ရဲ တွေနဲ့တွေ့ရင် အညှစ်ခံရ နိုင်တယ်။ အသွားအလာတွေဆင်ခြင်ကြဖို့ သတိထားနေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ကိုရဲမင်းက ဆက်လက် သတိပေးပြောဆိုထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ အင်တာနက်
#အလုပ်လုပ်ခွင့်ဗီဇာ #သက်တမ်းကုန် #မြန်မာအလုပ်သမား #ခြောက်လသက်တမ်းတိုး #Ayeyarwaddy_Times