ဘဏ်မှ ခိုးယူခံရမှုသည် နိုင်ငံသားအကျိုးစီးပွားနှင့်ပတ်သက်နေသည့် အမှုမျိုးဖြစ်၍ ဘဏ်သာမကပဲ စစ်ကောင်စီကပါ တရားလိုအဖြစ် တာဝန်ယူလုပ်ဆောင်ပေးဖို့လို

ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်မြင့်မြင့်ခိုင်၏ ကမ္ဘောဇဘဏ် KBZ Bank Special Account Mobile Banking ထဲမှ ငွေကျပ် သိန်း ၁၂၀ ကျော် လွှဲပြောင်းခိုး ယူခံလိုက်ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဒေါ်မြင့်မြင့် ခိုင်၏ ဘဏ်အကောင့်ထဲမှ ငွေကျပ် သိန်း၁၂၀ကျော် (၁၂၁၉ ၄၀၀၀) လွှဲပြောင်းယူခံရ၍ KBZ ဘဏ်သို့သွားရောက် အကြောင်းကြားချိန်တွင် ရဲစခန်းတွင်သွား ရောက်အမှုဖွင့်ခိုင်းခဲ့ကြောင်း သိရသည်။

ကမ္ဘောဘဏ်တွင် လုံခြုံရေးချို့ယွင်းမှုကြောင့် ယခုကဲ့သို့ အခိုးခံရသည့်အမှုများစွာ ဖြစ်ပွားနေပြီး ဘဏ်က တာဝန်ယူဆောင် ရွက်ပေးရမည် ဖြစ်သော်လည်း တုံ့ပြန်မှု မရှိသလိုတာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ အဆိုပါဘဏ်တွင် ငွေကြေးအပ်နှံထားသူများအနေဖြင့် မကြာခဏ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း KBZ Pay သုံးစွဲသူများထံက သိရသည်။

“KBZ မှာက ငွေဆုံးဘူးတာ သုံးကြိမ်ရှိပြီ။ “ပ” စာမျက်နှာပါ ရဲစာပဲ ယူခိုင်းတယ်။ ရဲကဖုန်းကို သိမ်းပြီး နေပြည်တော်တင်မယ်ပြောလို့ ကိုယ်က မပေးထားနိုင်တာနဲ့ အဆုံးပဲခံလိုက်ရတယ်။ KBZတအားအနိုင်ကျင့်တာ” ဟု လိမ်လည်ခံရသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဘဏ်အကောင့်အတွင်းမှ ပိုက်ဆံခိုးယူခံရမှုသည် နိုင်ငံသား၏ အကျိုးစီးပွားနှင့် ပတ်သက်နေသည့် အမှုမျိုးဖြစ်၍ နိုင်ငံတော်အမှုဖြစ်ပြီး ကမ္ဘောဇဘဏ်(KBZ) သာမက စစ်ကောင်စီကလည်း တရားလိုအဖြစ် တာဝန်ယူလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း CDM မြို့ နယ်တရားသူကြီး ဒေါ်သဥ္ဇာမြက ပြောကြားသည်။

“ဒီလိုမျိုး ဘဏ်ကပိုက်ဆံတွေခိုးခံရတဲ့အမှုမျိုးက မြန်မာနိုင်ငံမှာ မကြုံဖူး မကြားဖူးဘူးတာတွေ ဖြစ်နေတာ။ ဒါကရာဇဝတ်မှုမျိုးဖြစ်တယ်။ ရာဇဝတ်မှုကိုမှ နိုင်ငံတော်နဲ့သက်ဆိုင်တဲ့ ရာဇဝတ်မှုဖြစ်တယ်။ ပြစ်မှုတွေမှာ သက်သေပြရန်တာဝန်က တရားခံမှာအပြစ်ရှိကြောင်းကို တရားလိုပေါ်မှာကျရောက်တယ်။ ဒီအမှုမှာဆို ဒေါ်မြင့်မြင့်ခိုင်တစ်ယောက်ထဲက တရားလိုမဟုတ်ဘူး။ သူကနစ်နာသူဖြစ်တယ်။ တရားလိုသည် နိုင်ငံတော်(စစ်ကောင်စီ)ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံမှ နိုင်ငံသားရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်နေတဲ့ အမှုမျိုးကို နိုင်ငံတော်((စစ်ကောင်စီ)ကပဲ တရားလိုလုပ်ရတယ်” ဟု CDM မြို့ နယ်တရားသူကြီး ဒေါ်သဥ္ဇာမြက ဧရာဝတီတိုင်းမ်ကိုပြောသည်။

Kpay နှင့် ချိတ်ထားခြင်းမရှိဘဲ စပယ်ရှယ်အကောင့်ထဲမှ ငွေကြေးလွှဲပြောင်းခိုးယူခံရမှုကို ကမ္ဘောဇဘဏ် ကိုချိတ်ဆက်၍ သွားရောက်ဆက်သွယ်ခဲ့သော်လည်း တာဝန်ယူဖြေရှင်းခြင်းမရှိဘဲ ရဲစခန်းတွင် အမှုဖွင့်ရန်သာ ပြောကြားခဲ့ကြောင်း ဒေါ်မြင့်မြင့်ခိုင်၏သမီးဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရဲစခန်းဘက်မှလုပ်ပေး နိုင်သည့် အခြေအနေကို CDM ရဲတစ်ဦးက “စခန်းကိုသွားမယ်၊ FIR ဖွင့်မယ်။ ပြီးရင် စခန်းမှူးက ပုဒ်မတပ်မယ်။ ငွေများတယ်ဆို သူစစ်မယ်။ ငွေနည်းရင် ဒုရဲအုပ်တစ်ယောက်စစ်မယ်။ ပြီးရင် အမှုတွဲတည် ဆောက်မယ်။ ပြီးရင် ဥပဒေအကြံတောင်းတင်မယ်။ ဥပဒေအရာရှိက အကြံတောင်း ပြန်ချပေးမယ်။ ဥပမာ ဘာပုဒ်မတပ်ပါ၊ ဘယ်သူတွေကို စစ်ဆေးဖို့ကျန်နေတယ် ပြန်စစ်ပါ။ ဘယ်နေရာတွေကို ဓာတ်ပုံပြန်ရိုက်ပါ အစရှိသဖြင့်ပေါ့။ အမှုစစ်အရာရှိက အဲ့ဒီအချက်တွေအကုန်ပြီးရင် တရားရုံးမှာ တရားသွားစွဲလို့ရပြီ။ ပုဒ်မကတော့ စခန်းမှုးတပ်မှာပေါ့”ဟု ဧရာ ဝတီတိုင်းမ်၏ မေးမြန်းမှု ဖြေကြားထားသည်။

ထို့အပြင် အကြောင်းတစုံတစ်ခုကြောင့် Kpay Account ပိတ်ခံရသူများမှာလည်း ရဲနှင့်စစ်တပ်၏ ရှာ ဖွေစုံစမ်းမှုကို ခံရသည့်ဖြစ်စဉ်များလည်းရှိကြောင်း သိရသည်။

အသေးစား Kpay ငွေလွှဲလုပ်ကိုင်သူများ၏ အကောင့်မှတစ်ဆင့် ကမ္ဘောဇဘဏ်က ကန့်သတ်ထားသည့် အကောင့်တစ်ခုကို ငွေလွှဲပြောင်းပေးမိပါကလည်း Kpay Account ပိတ်ခံရပြီး ဖြေရှင်းမှုတစုံတရာမရရှိဘဲငွေ ကြေးဆုံးရှုံးမှုများလည်းရှိကြောင်း ငွေလွှဲလုပ်ကိုင်နေ သူတစ်ဦးထံက သိရသည်။

“‌စစ်ကောင်စီနဲ့ဘဏ်ပေါင်းပြီး စစ်ကောင်စီချပေးထားတဲ့ ဖုန်းနံပါတ်တွေကို ငွေလွှဲမိရင် အိမ်အထိကို စစ်တပ်ပါ ရောက်လာတာ။ ဘဏ်က လုံခြုံစိတ်ချရမှုလုံးဝမရှိဘူး။ လူ့အခွင့်အရေးကို ပေါ်တင်ချိုးဖောက်တာ။ ကိုယ့်အကောင့်ပိတ်ခံရတယ်ဆိုရင် ရှောင်ဖို့ပြင်နေရတယ်။ ကိုယ့်ငွေလည်း ဆုံးရှုံးရသေး အဖမ်းလည်းခံရမယ့် ကိန်းကိုဦးတည်နေတယ်”ဟု Kpay Account ပိတ်ခံရသူ အမျိုးသမီးတစ်ဦးက ‌ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်လပိုင်းအတွင်းက ကမ္ဘောဇဘဏ်တွင် အော်ရီဒူးနံပါတ်ဖြင့် Kpay ဖွင့်ထားသည့် အကောင့်များထဲမှ လူဒါဇင်ကျော်ခန့် ငွေကြေးခိုးယူခံရမှုများ ဖြစ်ပေါ်ခဲ့ပြီး ဘဏ်ဘက်မှ တာဝန်ယူဖြေရှင်းမှု မရှိသည့် အတွက် ငွေကြေးဆုံးရှုံးသူ များပြားခဲ့ကြောင်း သိရသည်။

“ဒါက ဒေါ်မြင့်မြင့်ခိုင်တစ်ယောက်ထဲအတွက်မဟုတ်ဘူး။ တစ်နိုင်လုံးနဲ့သက်ဆိုင်တဲ့ ကိစ္စဖြစ်သွားပြီ။ ပြစ်မှုမျိုးဖြစ်သွားပြီ။ အခုကသူ(စစ်ကောင်စီ) ဝင်ပါရမယ့်အမှုမျိုးဖြစ်တယ်။ ဒေါ်မြင့်မြင့်ခိုင်က တရားခံဖော်ထုတ်ရမှာမဟုတ်ဘူး။ သူ(စစ်ကောင်စီ)ဖော်ထုတ်ရမှာဖြစ်တယ်။ ဒေါ်မြင့်မြင့်ခိုင်က နစ်နာသူအနေနဲ့ပါမယ်။ ခံခဲ့ရတဲ့သက်သေတစ်ယောက်အနေနဲ့ပါမယ်”ဟု CDM မြို့ နယ်တရားသူကြီး ဒေါ်သဥ္ဇာမြက ဆိုသည်။

#ကမ္ဘောဇဘဏ် #KBZ #သရုပ်ဆောင် #ဒေါ်မြင့်မြင့်ခိုင် #အကောင့် #ငွေကျပ် #သိန်း၁၂၀ကျော် #ခိုးယူခံရ #Ayeyarwaddy_Times