ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

မြန်မာ- ထိုင်းနယ်စပ်တစ်လျှာက်ရှိ လူကုန်ကူးမှုအပါအဝင် အွန်လိုင်းငွေလိမ်လောင်းကစားဂိုဏ်းများကို နှိမ်နင်းမှုကြောင့် သာမန်ပြည်သူများအသုံးပြုရောင်းဝယ်နေသည့် ဆက်သွယ်ရေးပစ္စည်းများနှင့် လျှပ်စစ် ပစ္စည်းတင်သွင်းမှုပိတ်ခံထားရသဖြင့် ဈေးကွက် အခက်အခဲများရှိကြောင်းသိရသည်။

ထိုင်းနိုင်ငံဘက်က ဖုန်းနှင့် ဖုန်းအပိုပစ္စည်း၊ ဆိုလာပြားတို့ကို မြန်မာနိုင်ငံဘက်ခြမ်းသို့ တင်ပို့မှု ပိတ်ထားသဖြင့် ယင်းပစ္စည်းများဈေးအနည်းငယ်တက်ပြီး အချို့ပစ္စည်းပြတ်လပ်မှုများ ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။

လွန်ခဲ့သော နှစ်ရက်အတွင်းက စတင်၍ မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီ၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာ၊ ကေဘလ်ကြိုး အပါအဝင် ကုန်ပစ္စည်း ၁၂ မျိုးတင်သွင်းခွင့်ပိတ်ပင်လိုက်ကြောင်း ထိုင်းအကောက်ခွန်ဌာနက ထုတ်ပြန် သည်။

“ဖုန်းအားသွင်းကြိုးတွေက ပစ္စည်းပြတ်နေတယ်။ ထိုင်းထုတ်ကောင်းတာတွေ နာမည်ရှိတာတွေ မဝင် သေးဘူး။ တရုတ်အားသွင်းကြိုးတွေပဲရှိတယ်။ Power bank တွေဈေးနည်းနည်းတက်တယ်။ အခြားပစ္စည်းတွေတက်တယ်။ ဖုန်းတို့ tablet တို့ အခုဈေးပဲတန်တယ်။ နောက်တစ်ခါဆိုဈေးပိုများပြီ ” ဟု ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံတွင် ထိုင်းနှင့် တရုတ်နိုင်ငံထုတ်လျှပ်စစ်ထုတ်ကုန်ပစ္စည်းများကို အများဆုံးအသုံးပြု နေရပြီး ထိုင်းကလျပ်စစ်ပစ္စည်းကုန်စီးဆင်းမှုပိတ်ထားသော်လည်းတရားမဝင်လမ်းကြောင်း ဖြင့်ကုန်သည်များ ဝယ်ယူရရှိကြောင်း သိရသည်။

စစ်ကာင်စီ ထောက်ခံသူများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့က ထိုင်းထုတ်ကုန်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို မြဝတီမြို့ပေါ်တွင် ပြုလုပ်ခဲ့ပြီးသည့် နောက်တွင် ထိုင်းနိုင်ငံက လျှပ်စစ်ကုန်ပစ္စည်းများ ကို ထပ်မံတင်းကျပ်လိုက်ခြင်းဖြစ်သည်။

မြဝတီနယ်စပ်မြို့သည် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်များကို အဓိကထားစားသုံးနေရသဖြင့် ယင်းနိုင်ငံမှစားသောက်ကုန်များမဝယ်ပါက ကိုယ့်အားကိုယ်ကိုးသင့်ကြောင်း ထိုင်း ဒု-ဝန်ကြီးချုပ် ၊ ကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချရာထိုင်းပြောကြားကြောင်း ထိုင်းမီဒီယာ များတွင် ဖော်ပြထားသည်။

” ပစ္စည်းတွေပိတ်ထားတယ်ဆိုပေမယ့် ပစ္စည်းတွေက ကုန်သည်တွေလက်ထဲရောက်ကြတယ်။ မြဝတီ ကနေ ရန်ကုန် ရောက်ဖို့ကြာတယ်။ ဒီကနေ ( ရန်ကုန်- မြဝတီ)ကုန်ပို့တာနဲ့ ကုန်စောင့်တာ ( မြဝတီ – ရန်ကုန်) နဲ့ တစ်လလောက်ကြာတယ်။ လမ်းမှာ ကုန်ကား ပေးသွားတဲ့အချိန် စောင့်ရတာနဲ့။ အခုတော့ ဆိုလာပြားတွေသယ်တာများတယ်” ဟု ကုန်ကားပိုင်ရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခင်က အသွား၊ အပြန်တစ်ရက်သာ မောင်းနှင်ရသော ရန်ကုန် – မြဝတီကုန်သွယ်ရေး လမ်းကြောင်း သည် စစ်ကောင်စီအာဏာသိမ်းထားချိန်၌ စစ်ဆေးရဂိတ်များစွာဖြတ်သန်းရပြီး တစ်လခန့်ကြာ မြင့်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်၍ မြန်မာ – ထိုင်းနယ်စပ် ငါး‌နေရာတွင် လူကုန်ကူးမှု အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအတွက် လျှပ်စစ်၊ အင်တာနက်နှင့် စက်သုံးဆီ ဖြန့်ဖြူးမှု ဖြတ်တောက်ခဲ့ရာ သာမန်ပြည်သူများထိခိုက်မှုခံစားရကြောင်းသိရသည်။

ထိုင်းနိုင်ငံသည် မြန်မာ – ထိုင်းနယ်စပ်ရှိနေရာ မွန်ပြည်နယ်ရှိ ဘုရားသုံးဆူ ၊ ရှမ်းပြည်နယ်ရှိ တာချီလိတ် ၊ မြန်မာ – ထိုင်းချစ်ကြည်ရေးတံတား(တာချီလိတ်)၊ မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား (၂) မြဝတီ ကရင်ပြည်နယ် နှင့် မြဝတီမြို့၊ ကရင်ပြည်နယ်တို့တွင် လျှပ်စစ်၊ အင်တာနက်နှင့် စက်သုံးဆီ ရောင်းချမှုများကို ဖြတ်တောက်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ထိုင်းလျှပ်စစ်ပစ္စည်းပိတ်ဆို့ #သာမန်ပြည်သူများခက်ခဲ #ဖုန်းဆိုင်များ #ကျားဖြန့်နှိမ်နှင်းရေး #Ayeyarwaddy_Times