
ဧရာဝတီတိုင်းမ်
(မွန်)၊ ဖေဖော်ဝါရီ ၁၃ ရက်
မွန်ပြည်သူများအနေဖြင့် တော်လှန်ရေးကာလအတွင်း မွန်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် ကျရာကဏ္ဍမှ ပါဝင်ကြရန် ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်သည့် ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ တွင် မွန်တော်လှန်ရေးအဖွဲ့များ က သဝဏ်လွှာပေးပို့ ထုတ်ပြန်ကြေညာခဲ့ကြသည်။
တစ်နိုင်ငံလုံး၌ ဖြစ်ပေါ်တိုးတက်နေသည့် နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေအရပ်ရပ်သည် မွန်အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအတွက် အချိန်ကောင်း၊ အခွင့်ကောင်းတစ်ရပ် ဖြစ်ကြောင်း မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ကထုတ်ပြန်ထားသည်။
“ယခုအချိန်မှာ မိမိတို့မွန်တော်လှန်ရေးလက်နက်ကိုင်တပ်အားလုံးစုစည်းကာ မွန်ပြည်မှာ ဗျူဟာမြောက်စစ်ဆင်ရေးဆင်နွှဲနိုင်ဖို့ ရာမညပူးတွဲစစ်ကြောင်းကို စစ်ရေးအရ ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့်မို့ မွန်လက်နက်ကိုင်တပ်တွေရဲ့ စုစည်းမှုသကနေတဆင့် ပြည်တွင်း ပြည်ပမှာရှိတဲ့ မွန်ပြည်သူတစ်ရပ်လုံး ပေါင်းစည်းမှုအားဖြင့် အမျိုးသားလွတ်မြောက်ရေး မိမိကံကြမ္မာ မိမိဖန်တီးယူနိုင်ရေးအတွက် လက်တွဲညီညီ တိုက်ပွဲဝင်ကြဖို့ ၇၈ ကြိမ်မြောက်မွန်အမျိုးသားနေ့မှာ တိုက်တွန်းလိုပါတယ်” ဟု MSDF တပ်ဖွဲ့၏ တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ကြောင့် မွန်လူငယ်များနှင့် ပြည်တွင်း၊ ပြည်ပရှိ မွန်ပြည်သူ၊ ပြည်သားများ တို့မှ မွန်အမျိုးသားလွတ်မြောက်ရေး၊ မွန်တို့၏ ကံကြမ္မာ မွန်တို့ အပြည့်အဝ ဖန်တီးခွင့်ပြန်ရရေးအတွက် ပြည်သူများအနေဖြင့်လက်တွဲညီညီ တိုက်ပွဲဝင်သွားကြရန်လည်း MSDF မှ တိုက်တွန်း ပြောဆိုထားသည်။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရး) NMSP-AD မှလည်း မွန်တော်လှန်ရေးတပ်ဖွဲ့များမှ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် မွန်ပြည်တည်ဆောက်နိုင်ရေးအတွက် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပါင်းကာ တော်လှန်ရေးကို အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကောင်စီသည် လူမျိုးအချင်းချင်းကြားတွင် သွေးခွဲလှု့ဆော်ခြင်းများ၊ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေ ကြောင်းလည်း NMSP-AD ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီမှလည်း တိုင်းရင်းသားနယ်မြေအများအပြားမှာ လက်ရှိတွင် စစ်အာရှင်စနစ်မှ လွတ်မြောက်လာပြီဖြစ်သည့်အတွက် မွန်တို့အနေဖြင့်လည်း ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် နိုင်ငံ ရေးအာဏာကို ရရှိရန် လက်နက်က်ုလမ်းစဉ်မှတစ်ပါး မရှိသည့်အတွက် ပြည်သူများအနဖြင့် တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပါင်းပါဝင်ကြရန် ထုတ်ပြန်ထားသည်။
ယခုအခါ မွန်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည့် မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) တို့ ပူးပေါင်းကာ စစ်ဆင်ရေးများဆင်နွှဲနိုင်ရန် ရာမညပူးတွဲစစ်ကြောင်းကို မဟာဗျူဟာမြောက် ပေါင်းစည်းနိုင်ခဲ့ပြီး ဖြစ်သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – မဲဆောက်မြို့တစ်နေရာတွင်ပြုလုပ်သည့် ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား
#မွန်ပြည်နယ် #မွန်အမျုးသားနေ့ #၇၈ကြိမ်မြောက် #မွန်တော်လှန်ရေးတပ်ဖွဲ့များ #Ayeyarwaddy_Times