
ဧရာ၀တီတိုင်းမ်
ဖေဖော်၀ါရီ ၁၄ ရက်
အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုစစ်ခေါင်းဆောင် စိုး၀င်းအပါအ၀င် မြန်မာစစ်တပ်မှ အရာရှိ ၂၃ ဦးအား ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနှင့်ပတ်သတ်၍ အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း – UK ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုး၀င်းဦးဆောင်သည့် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် ကွင်တာနား၏ကိုယ်စားလှယ်အဖြစ် မြန်မာရိုဟင်ဂျာအသင်း – UK မှ ဦးထွန်းခင်က ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အာဂျင်တီးနားတရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအမှုကို အာဂျင်တီးနားတရားရုံးတွင် ကြားနာစစ်ဆေးပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုစစ်ခေါင်းဆောင် စိုး၀င်းအပါအ၀င် စစ်တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားနိုင်ငံရှိ ဗျူနိုအေးရိစ်တရားရုံးက ဖေဖော်၀ါရီလ ၁၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာဖမ်း၀ရမ်းအမိန့် ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အာဂျင်တီးနား တရားရုံးက အခုထုတ်ပြန်လိုက်တဲ့ ရဲရင့်ပြတ်သားတဲ့ ဖမ်း၀ရမ်းအမိန့်က ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့အချက်ကို မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တာ၀န်ရှိသူတွေကို ရှင်းရှင်းလင်းလင်း သတိပေးလိုက်တာ ဖြစ်ပါတယ်။ ပြောမပြနိုင်လောက်အောင် ဆိုးရွားပြင်းထန်တဲ့နာကျင်ခံစားမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ရိုဟင်ဂျာမျိုးဆက်များစွာတင်မကဘဲ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နှိပ်စက်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားအားလုံးအတွက် သူတို့ (မြန်မာစစ်ခေါင်းဆောင်တွေ) ဟာ နောက်ဆုံးမှာ တရားစီရင်ခံရမှာ ဖြစ်ပါတယ်”ဟု မြန်မာရိုဟင်ဂျာအသင်း – UK က ပြောဆိုသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ အတင်းအကြပ် ရွှေ့ပြောင်းစေမှု၊ အကြမ်းဖက်နှိပ်စက် သတ်ြဖတ်မှုများ ကျူးလွန်ခဲ့သည်စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး – ICC မှ ဖမ်း၀ရမ်းထုတ်ရန် ရှေ့နေချုပ် ကာရင်ခမ်းက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နို၀င်ဘာလတွင် လျှောက်လဲချက် တင်သွင်းတောင်ဆိုထားကြောင်း သိရသည်။
#Ayeyarwaddy_Times #မင်းအောင်လှိုင် #အာဂျင်တီးနားတရားရုံး #ဖမ်း၀ရမ်းထုတ်