ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်

ယခု ၂၀၂၅ ခုနှစ် နှစ်လအတွင်း ပြည်တွင်းအကယ်ဒမီအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ်လေးသိန်းကျော်ဈေးတက်လာသည့်အပြင် ရွှေ၁ကျပ်သား အလေးချိန်ဂရမ်ကိုပါ ပြောင်းလဲလိုက် ကြောင်းသိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၃ ရက် ပြည်တွင်းရွှေဈေး မနက်အဖွင့်တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၆၆ သိန်းဖြင့် ဈေးဖွင့်ကြောင်း ရွှေ‌ဈေးကွက်မှစုံစမ်းသိရသည်။

ယခင်က ရွှေတစ်ကျပ်သား အလေးချိန်တွင်သည် ၁၆ ဒသမ ၆၀၆ ဂရမ်ရှိရာမှ ယခု ရွှေတစ်ကျပ်သား အလေးချိန် သက်မှတ်ချက်မှာ ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်အဖြစ် တရားဝင်ပြောင်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။

လက်ရှိပြည်တွင်းရွှေဈေးကွက်၌ နှစ်လအတွင်း ဈေးမြင့်တက်လာကာ ဇန်နဝါရီလတွင် တစ်ကျပ်သား ကျပ် ၆၂ သိန်းရှိရာမှ ယခု ကျပ် ၆၆ သိန်း ဈေး ပေါက်နေခြင်းဖြစ်ပြီး ရွှေတစ်ကျပ်သားကို ၁၆ ဒသမ ၃၂၉ ဂရမ်ဖြင့် စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း အကယ်ဒမီရွှေသန့်စင်လုပ်ငန်းမိသားစုက ယ‌မန်နေ့တွင် ထုတ်ပြန်သည်။

” ရွှေတစ်ကျပ်သားကို ၁၆ ပဲကို ဂရမ်ပြောင်းလိုက်တာပဲ။ တစ်ကျပ်သားက တစ်ကျပ်သားပဲမလား။ နောက်ပိုင်း ကျပ်၊ပဲ၊ရွေးမဟုတ်တော့ဘဲ ဂရမ် (gram) နဲ့ပဲ တစ်ဂရမ်၊ နှစ်ဂရမ်ဆိုပြီး ရောင်းတော့ မယ်ထင်တယ်။ အခုဝယ်သူခံရတာ၊ ပြန်ရောင်းရင် ဈေးအရမ်းခွာတာပဲ။ အောင်သမာဓိဆို ရှစ်သောင်း ခွာတယ်။ အခြားဆိုင်တွလည်း ခုနစ်‌ သောင်း လောက်ရှိတယ် ” ဟု ရန်ကုန်မြို့ခံ ရွှေစုသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့ ဂရမ်အဖြစ်ပြောင်းလိုက်ရာတွင် ရွှေတစ်ကျပ်သားအလေးချိန်ခြင်းတူသော်လည်း ဂရမ် ( gram) သတ်မှတ်ချက် အနည်းငယ် လျော့သွားကြောင်း သိရသည်။

ထို့ပြင်ယခင်က ရွှေ ၁ ကျပ်သား အလေးချိန် ၁၆ ဒသမ ၆ ဂရမ်ဖြင့် ၁၀ ပိဿာ ရောင်းနိုင်လျှင် ယခု ၁၆.၃၂၉၃၂၅ ဂရမ်‌ဖြင့်ရောင်းချရာတွင် ရွှေနှစ်ပိဿာ တိုးလာမည်ဖြစ်ကြောင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးသင်တန်းဖွင့်ပွဲတွင် ပြောကြားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီက ဖွဲ့စည်းထားသော ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ၏ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက် ရွှေဈေးသတ်မှတ်ချက်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အ‌ခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၅,၄၉၀,၀၀၀ ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်
#ရွှေဈေးတက် #တစ်ကျပ်သားရှိဂရမ်ပြောင်းလဲ #ပြည်တွင်းရွှေဈေး #Ayeyarwaddy_Times