ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက တစ်ညလုံးနှင့် ယနေ့နံနက်ပိုင်းအထိ လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ကိဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိကြောင်း သိရသည်။

ယမန်‌နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှစ၍ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်ထိ လေ ယာဉ်ဖြင့် ဗုံးအလုံး ၆၀ ခန့် ကြဲချခဲ့ကြောင်း သိရသည်။

ဗုံးမကြဲခင် မုံရွာအမှတ် ၂ ရဲစခန်းနှင့် မြို့အဝင်ဂိတ် များမှနေ၍ လက်နက်ကြီးများဖြင့် မုံရွာမြို့အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသ‌တေတာ်လှန်ရေးအဖွဲ့ထံမှ သိရသည်။

“သစ်ဆိမ့်ကျေးရွာဘက်နဲ့ စစ်ရှောင်စခန်းကို ဗုံးသီး ၁၅ လောက် လာကြဲတာ။ ရှော့တိုက်ဒုံးတွေရော ဒရုန်းတွေနဲ့ပါ ပစ်တာ။ အသေးစိတ်တော့မသိရသေးဘူး အဆက်အသွယ်တွေလည်း ပြတ်ကုန်တယ်။ ထိကုန်တာပဲလားဆိုတာ။ တစ်ညလုံးမအိပ်ရဲဘူး တစ်ညလုံး လေကြောင်းက ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်တာ။ ဘာတိုက်ပွဲမှမရှိဘဲကို လုပ်တာ”ဟု မုံရွာအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ချောင်းဦးမြို့နယ်အတွင်းမှ ကုလားကြီးရွာစစ်ရှောင်စခန်းပေါ် တည့်တည့်ကျရောက်ပြီး အသက် ငါးနှစ်အရွယ် ကလေးတစ်ဦး၊ အသက် ရှစ်ငနှစ်အရွယ်ကလေးတစ်ဦး၊ အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး သစ်ဆိမ့်ကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ ဆူး လေကုန်းကျေးရွာတို့မှ ပြည်သူအများအပြားသေဆုံး ကြောင်း သိရသည်။

ထို့အပြင် ယနေ့နံနက် ၆ နာရီအချိန်ခန့်တွင်လည်း မုံရွာမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို ၁၃ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ချောင်းဦးမြို့နယ် ရှမ်းထူးကျေးရွာ စာသင် ကျောင်းတောင်ဘက်ကို Y 12 လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချသဖြင့် ဒေသခံအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက အဆိုပါကျေးရွာများတွင် တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ကျေးရွာများအတွင်း PDF များရောက်ရှိနေပြီး မြို့သိမ်းတိုက်ပွဲများ စတင်မည်ဆိုသည့် သတင်းများဖြန့်ကာ လာရောက်ဗုံးကြဲချ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

#စစ်ကိုင်း #မုံရွာ #ချောင်းဦး #စစ်ကောင်စီ #လေ ကြောင်း #ဗုံးကြဲ #ကလေးငယ် #ဒေသခံ #သေဆုံး #Ayeyarwaddy_Times