===========
ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးမူ Bottom-up Federalism ဖြင့် ချိတ်ဆက် ရေးဆွဲနေဟုပြော

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အပါအဝင် တော်လှန်ရေး အင်အားစုများက အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရက်တစ် အစိုးရပုံစံသွားရန် အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနေကြောင်း ၎င်းတို့ထံက သိရသည်။

အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကဲ့သို့ သက်ရောက်မှုရှိသော အုပ်ချုပ်ရေး စာတမ်းအဖြစ် ကျင့်သုံးဆောင်ရွက်သွားရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံ ဥပဒေ (AFTA)အား စတင်ပြင်ဆင် ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်း AFTA ကို ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးမူ Bottom-up Federalism ဖြင့် ချိတ်ဆက်ရေးဆွဲကာ လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေးတို့ကို မည်ကဲ့သို့ ဖွဲ့စည်းမည် နည်းဆိုသော အခန်းကဏ္ဍများအထိ ရောက်ရှိနေပြီး ဆက်လက်ရေးရမည့် အခန်းများလည်း အများအပြားကျန်သေးကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ထံက သိရသည်။

“ရေးပြီးရင်တော့ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရက်တစ် အစိုးရ Transitional Federal Democratic Government (TFDG) ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ သွားဖို့ရှိတယ်” ဟု KNPP အတွင်းရေးမှူး(၁) ဦးအောင်ဆန်းမြင့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုရေးဆွဲမှု၌ NUG ၊ NUCC လက်အောက်ရှိ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (TCWG) အဖွဲ့ဝင်၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများနှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများကိုးဖွဲ့ စသည့်တို့ ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများ ကိုးဖွဲ့တို့ကလည်း AFTA ပြင်ဆင်ရေးဆွဲနေမှုကို ဖေဖော်ဝါရီ ၁၂ ရက်က ထုတ်ပြန်၍ တော်လှန်ရေး ကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို လက်တွေ့ ဖော်ဆောင်သွားမည်ဟု ဆိုသည်။

ထို့အပြင် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ဗဟိုချုပ်ကိုင်မှုစနစ် အသစ်တဖန် ပြန်လည်အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးသွားမည် မဟုတ်ဘဲ Bottom-up Federalism အခြေခံချဉ်းကပ်မှုဖြင့် တိုင်းပြည်ကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်ကလည်း အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို လက်တွေ့ဖော်ဆောင်သွားမည်ဟု ၎င်းတို့ကိုးဖွဲ့က သဘောထား ထုတ်ပြန်ခဲ့သလို နိုင်ငံရေး ဦးတည်ချက် ခြောက်ရပ်၊ ရပ်တည်ချက် ကိုးရပ်နှင့် လုပ်ငန်းစဉ် ခြောက်ရပ်တို့အား ဆက်လက်ဆွေးနွေး ညှိနှိုင်းလုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါကိုးဖွဲ့မှာ KNPP၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)တို့ဖြစ်ကြောင်း သိရသည်။

ပုံစာ- ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး(၁) ဦးအောင်ဆန်းမြင့်

#အသွင်ကူးပြောင်းရေးကာလ #ဖက်ဒရယ်ဒီမိုကရက်တစ် #အစိုးရပုံစံသွားရန် #NUCC #NUG #တော်လှန်ရေးအင်အားစုများ #အခြေခံဥပဒေ #ပြင်ဆင်ရေးဆွဲ #Ayeyarwaddy_Times